Skip to main content

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်

နေပြည်တော် ဇူလိုင် ၅

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခင်နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့သော ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင် စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ စနစ်အကောင်အထည်ဖော်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ဥပဒေကြမ်းရေးဆွဲရေး၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ထမ်းနောင် ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည် ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုနှင့် ကျင့်သုံးသည့်ပုံစံများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ‌ကော်မတီဝင်များကလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ် တစ်ရပ်ကိုထူထောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်