Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သစ်လွင်ဦးစီးအရာရှိများအတွက် Digital Literacy သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သစ်လွင်ဝန်ထမ်း ဦးစီးအရာရှိများအတွက် Digital Literacy သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များပါဝင်သည့် Myanmar National Portal ကို တည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း Myanmar National Portal တွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုကဏ္ဍများတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန Web Portal တစ်ခု တည်ဆောက်လျက်ရှိပြီး သတင်းများ၊ ဝန်ဆောင်မှုများ၊ မူဝါဒများ၊ အသိပညာပေးကဏ္ဍများ၊ မှတ်တမ်းများနှင့် ဝန်ကြီးဌာန၏ Public Service လုပ်ငန်းများကို ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်နှင့်အညီ သင်တန်းသား သင်တန်းသူများအနေဖြင့် ရုံးသုံးအခြေခံသင်တန်းများသည် အရေးကြီးလိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် Digital Literacy နည်းပညာသင်တန်းများနှင့် ဗဟုသုတများ သိရှိနားလည်တတ်ကျွမ်းရန်လိုအပ်ပါကြောင်း၊ e-Government စနစ်ကို အသုံးပြုခြင်းဖြင့် အစိုးရ၏ယန္တရားကို ကျစ်ကျစ်လျစ်လျစ် ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ၏လုပ်ငန်းများကို ကုန်ကျစရိတ်နှင့်အချိန် ပိုမိုသက်သာစွာ ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အဂတိလိုက်စားမှုကို လျှော့ချနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်မားနိုင်ခြင်း၊ ပြည်သူလူထု၏ တုံ့ပြန်မှုကို အလွယ်တကူ စစ်တမ်းကောက်ယူနိုင်ခြင်း၊ အစိုးရနှင့်ပြည်သူများအကြား အလှမ်းကွာဝေးမှုကို လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနရှိ Data အချက်အလက်များအား လုံခြုံစိတ်ချမှုရှိစေရန် Security နှင့် ပတ်သက်သည်များကို ဝန်ထမ်းများအနေဖြင့် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသင်ကြားပေးကြမည့် နည်းပြများအနေဖြင့်လည်း ICT နှင့်ပတ်သက်သည့် ကျင့်ဝတ် (Ethic) များကိုလည်း အထူးအလေးထားသင်ကြားပို့ချပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦး အောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းအား Inperson/Virtual ပုံစံ(၂)မျိုးဖြင့် ဇူလိုင် ၄ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဦးစီးဌာနများမှ သစ်လွင်အရာရှိစုစုပေါင်း(၁၉)ဦး တက်ရောက်လျက်ရှိသည်။

(သတင်းစဉ်)