နေပြည်တော် ဇူလိုင် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သုခဝတီအိမ်ရာစီမံကိန်း ဧရိယာအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက သတ်မှတ်နေရာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်တို့မှ သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အသင်းချုပ်(၃)သင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်ပင်၊ ခရေပင်၊ စိန်ပန်းပင်၊ ကုက္ကိုလ်ပင်၊ ပိတောက်ပင်၊ ငုပင်၊ ကျွန်းပင်တို့ကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းချုပ် (၃) သင်းမှ ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခဝတီအိမ်ရာစီမံကိန်းရှိ ပြည်သူ့အငှားအိမ်ရာ ဧရိယာအတွင်း၌ ကံ့ကော်၊ ခရေ၊ စိန်ပန်းကြီး၊ စိန်ပန်းလေး၊ ကုက္ကိုလ်၊ ငု၊ ပိတောက်၊ ကျွန်းပင်၊ အရိပ်ရပင်၊ ပန်းအလှပင် စုစုပေါင်း အပင်(၅၀၀) ကို စိုက်ပျိုးပေးခဲ့ပြီး အလားတူ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများတွင်လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းပြီး သစ်ပင်များ စိုက်ပျိုးပေးလျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လမ်းဦးစီးဌာနပိုင် လမ်းမကြီးများ၏ လမ်းဘေး ဝဲ/ယာတွင် အရိပ်ရပင်၊ လေကာပင်နှင့် ကျွန်းပင်များ စိုက်ပျိုးပေးနိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်လမ်းဦးစီးဌာနတို့ ညှိနှိုင်းပူးပေါင်း၍ အပင်ပေါင်း (၇၇၂၀၀) စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)