ရန်ကုန် ဇူလိုင် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကာဒသမအစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသံဂါယနာ မဟာပါသာဏဂိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက ဆောင်ရွက် တော်မူသည်။
အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒကလည်းကောင်း၊ သာသနာရေးဆောင်ရွက်ချက် များအပေါ် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစန္ဒ ကလည်းကောင်း၊ ပညာရေးဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာဘိဝံသက လည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။
ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ် တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီတွင် ရပ်နားသည်။
ယင်းနောက် အစည်းအဝေးဒုတိယနေ့ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက အတည်ပြုချက်ရယူသည်။
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များအားလုံးက ဇယန္တော ဗောဓိယာမူလေ အစချီသော ၂ ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား အလှူရှင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက တေတ္တိံသတိမ(၃၃)ကြိမ်မြောက် တစ်နေ့တာ ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အတူ ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ရွှေသံလွင်ကုမ္ပဏီနာယက၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီ (ရွှေသံလွင်ကုမ္ပဏီမိသားစု)က နဝကမ္မအလှူတော်ငွေကျပ် ၂ သိန်းစီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)