Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နေပြည်တော် ဇူလိုင် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောမည့် အကြောင်းအရာများမှာ (တစ်) နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပအစည်းအဝေးများနှင့် ဆွေးနွေးပွဲများ၊ (နှစ်) နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အထွေထွေအကြောင်းချင်းရာများ၊ (သုံး) NUG၊ PDF တို့၏ အကြမ်းဖက်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်မှုများသာ ဖြစ်ကြောင်း၊ (တစ်)မှ(သုံး)အထိ မိမိအနေနှင့် ရှင်းလင်းပြောပြသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး/ဖြေကဏ္ဍဖြစ်ကြောင်း၊ မေးခွန်းများ မေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို ဦးစွာပြောလိုကြောင်း၊ မိမိတို့နိုင်ငံအနေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁ တွင် လွတ်လပ်၍တက်ကြွသည့်ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့်မူဝါဒတို့ကို ပြဋ္ဌာန်းကျင့်သုံးထားကြောင်း၊ မိမိတို့၏အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင်လည်း ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးချင်း ဆက်ဆံရေးကို ထူထောင်ထားရှိကြောင်း၊ ဒေသတွင်း အာဆီယံနိုင်ငံများနှင့် ဆက်ဆံရာတွင်လည်း အာဆီယံက သတ်မှတ်ထားသည့် မူဘောင်၊ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ပူးပေါင်းကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း။

ပူးတွဲထုတ်ပြန်ကြေညာချက် အတည်ပြုထုတ်ပြန်ခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ၂၀၂၂ ခုနှစ်၊ ဇွန် ၆ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး( 16th ASEAN DEFENCE MINISTERS MEETING- 16th ADMM) သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်တို့နှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုတင်သွင်းသည့် သဘောထားအမြင်စာတမ်းများဖြစ်သည့် “နယ်စပ်ဖြတ်ကျော် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးတွင် အာဆီယံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မှုဆိုင်ရာ သဘောထားအမြင်” စာတမ်း၊ “အာဆီယံငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အမျိုးသမီးတပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ် မြှင့်တင်ခြင်းဆိုင်ရာ သဘောထားအမြင်” စာတမ်းနှင့် “အာဆီယံကာကွယ်ရေးဆိုင်ရာ ပညာရေးကျောင်းများ၏ ပူးပေါင်းဆောင်ရွက်မှု ထူထောင်ခြင်းဆိုင်ရာ သဘောထားအမြင်” စာတမ်း၊ စင်ကာပူနိုင်ငံက အဆိုပြုတင်သွင်းသည့် “အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအောက်ရှိ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်ဗဟိုဌာနဆိုင်ရာ ရည်ညွှန်းကိုးကားစာစောင်များ” ကို သဘောတူအတည်ပြုကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုတင်သွင်းသည့် “ကိုဗစ်-၁၉ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုတဲ့ ကာကွယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍဆိုင်ရာ ဖနောင်ပင်အမြင်” အား အတည်ပြုခြင်း နှင့်“ဟန်ချက်ညီ လုံခြုံရေးအတွက် ပေါင်းစည်းညီညွတ်မှုခိုင်မာစေမယ့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ” အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့ကြကြောင်း။

ဆက်စပ်အစည်းအဝေးများအနေဖြင့် အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော ရုပ်သံအစည်းအဝေးများကို ဆက်လက်ကျင်းပပြီး အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပါဝင်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံနှင့် တပ်မတော်၏ သဘောထားရပ်တည်မှုနှင့် အကောင်အထည်ဖော်နေမှုများ၊ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုနှင့် ရပ်တည်မှုကို ဖော်ပြဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အမြင်များကို ပူးပေါင်းဖလှယ်ခွင့်နှင့် ဆွေးနွေးခွင့်များရရှိစေပြီး အခြားအာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားသည်။

နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေးခဲ့

ဆက်လက်ပြီး (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (Regional Border Committee) အကြောင်းကိုပြောမည် ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးသည် ၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနှင့်ထိုင်းနိုင်ငံတို့ အိမ်ရှင်နိုင်ငံအဖြစ် တစ်လှည့်စီ ကျင်းပခဲ့ကြောင်း၊ (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ တောင်ကြီးမြို့၌ ကျင်းပခဲ့ကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အနေနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ဦးစီးပြီး ထိုင်းနိုင်ငံကိုယ်စားလှယ်ဘက်မှ Lt.Gen.Apichet Suesat ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် အဖွဲ့ဝင်များက (၃၃)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးမှတ်တမ်းအား ပြန်လည်သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာများ ဆွေးနွေး

ဆက်လက်ပြီး (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားရှိ ရင်းစွဲချစ်ကြည် ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များ ပပျောက်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ရေး၊ ချစ်ကြည်ရေး၊ အားကစားပြိုင်ပွဲများကျင်းပရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ ဖလှယ်နိုင်ရေးတို့အတွက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်နိုင်မည့် အခြေအနေ၊ မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးကမ်းလှမ်း ဖိတ်ခေါ်ကာ တွေ့ဆုံဆွေးနွေးနေမှု အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များနှင့် CDM ဝန်ထမ်းများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်ကလည်း ၎င်းတို့၏ နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုအထဲတွင် အရေးကြီးသည့်အချက်ကို မိမိထပ်ပြောမည်ဖြစ်ကြောင်း၊ ယင်းမှာ ပြည်တွင်းပြည်ပရှိအချို့ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ CDM ဝန်ထမ်းများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရေး အသိပေးထုတ်ပြန်ချက်များရှိပါကြောင်း၊ ယင်းအပေါ် ထိုင်းတပ်မတော်ကလည်း ၎င်းတို့၏ နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ကြောင်းကို အထူးအလေးထား ပြောကြားလိုကြောင်း ပြောကြားသည်။

အာဆီယံအထူးကိုယ်စားလှယ် ရောက်ရှိခဲ့

ဆက်လက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Mr.Parksokhon ဦးစီးအဖွဲ့၏ ခရီးစဉ်အကြောင်းကို ပြောလိုကြောင်း၊ အထူးကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်အထိ အလုပ်သဘော ခရီးစဉ် ရောက်ရှိလျက်ရှိကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မတ် ၂၁ ရက်က ပထမအကြိမ် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိခရီးစဉ်တွင် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံက အာဆီယံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းမှုများကို လက်ခံရရှိခဲ့ကြောင်း၊ ဇွန် ၃၀ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီးနောက် အစိုးရဝန်ကြီးဌာန များက ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေ၊ NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု လုပ်ရပ်များကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့မှု၊ ၎င်းတို့၏ဆိုးရွားစွာဆောင်ရွက်ခဲ့မှု အခြေအနေ၊ မိုင်းထောင်ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် ပြည်သူပိုင်အဆောက်အဦများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများ ပျက်စီးခဲ့ရမှု၊ အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိမှု၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ အာဆီယံ၏မူဝါဒအရ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးနှင့်ပတ်သက်၍“ တစ်ဦးတစ်ယောက်မှမကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေနှင့်လည်း “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း။

ဇူလိုင် ၁ ရက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးစီးအဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် (ALP, DKBA, KNU/KNLA-PC, PNLO, LDU, NMSP, RCSS) စသည့် အဖွဲ့၇ဖွဲ့မှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း၊ ဇူလိုင် ၂ ရက်တွင် ပုဂံ၌ ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်တွင် ကောင်းမွန်သည့် အကျိုးတရား၊ အရွေ့များရှိသည်ဟုသာ ပြောလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (Lanchan-Mekong Cooperation)(LMC) အစည်းအဝေးအကြောင်း ပြောမည်ဖြစ်ကြောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသသည် အာရှတွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရှိဆုံးဒေသများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မဲခေါင်မြစ်တစ်လျှောက်သည် နိုင်ငံပေါင်း ၆ နိုင်ငံနှင့် ထိစပ်ဆက်စပ်လျက်ရှိကြောင်း၊ မဲခေါင်မြစ်သည် တရုတ်နိုင်ငံနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရေးကြီးသည့် နိုင်ငံဖြတ်ကျော် မြစ်ကြောင်းတစ်သွယ်ဖြစ်ကြောင်း၊ ယင်းမြစ်သည် တရုတ်နိုင်ငံ၊ ချင်းဟိုင် တိဘက်ကုန်းမြေမြင့်တွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံအတွင်းရှိ အပိုင်းကို လန်ချန်းမြစ်၊ ယူနန်ပြည်နယ်ပြင်ပ ပြည်မမြစ်ခြေပိုင်းရှိ နိုင်ငံများက မဲခေါင်မြစ်ဟု ခေါ်ဝေါ်ကြကြောင်း၊ တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြစ်၏စုစုပေါင်းအရှည်သည် ကီလိုမီတာ ၄၈၈၀ ရှိပြီး မြစ်ဝှမ်းဧရိယာ ၇၉ ဒသမ ၅ သန်း စတုရန်း ကီလိုမီတာရှိရာ မြစ်ဝှမ်းဒေသတွင် မှီတင်းနေထိုင်သည့် လူဦးရေသည် သန်းပေါင်း ၃၄၀ကျော်ခန့်ရှိကြောင်း၊ မဟာမဲခေါင်ဒေသခွဲရှိ နိုင်ငံများသည် တောတောင်ရေမြေ ဆက်စပ်နေပြီး လူမှုယဉ်ကျေးမှုများ ဆက်နွှယ်လျက်ရှိရာ အိမ်နီးချင်းအစဉ်အလာ ချစ်ကြည်ရေးနက်ရှိုင်းပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားချင်း နီးကပ်ယှက်နွှယ်လျက်ရှိကြောင်း၊ အဆိုပါဒေသ၏ဒေသခွဲ၏ စုစုပေါင်းဂျီဒီပီ (GDP) အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆ ထရီလီယံ၊ ကုန်သွယ်မှု-အမေရိကန် ဒေါ်လာ ၄၈၃ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံတို့ဖြစ်ကြောင်းကို စာရင်းဇယားများ၊ မှတ်တမ်းများအရ လေ့လာသိရှိရကြောင်း။

အချုပ်အခြာအာဏာနှင့် တည်ရှိမှုကို အသိအမှတ်ပြု

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC)သည် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံ အတူတကွ စတင်တည်ထောင်ခဲ့သည့် ဒေသတွင်း၊ ဒေသခွဲပူးပေါင်း ဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုသာ ဖြစ်ကြောင်း၊ မကြာမီမြန်မာနိုင်ငံ၌လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်က ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပသွားရန်ရှိသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ (LMC) ၏ ထူးခြားချက်မှာ လက်တွေ့ထိရောက်သည့်စီမံကိန်း အခြေပြုခြင်းသာဖြစ်ကြောင်း၊ (LMC)ယန္တရားကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး လျင်မြန်စွာ တိုးတက်မှုများရှိခဲ့ကြောင်း၊ လန်ချန်း-မဲခေါင်၏ တွင်ကျယ်ထိရောက်မှုကို ပြသနိုင်ခဲ့သကဲ့သို့ တန်းတူညီမျှဆက်ဆံခြင်း၊ စေတနာမှန်နှင့် အပြန်အလှန် ကူညီဖေးမခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းဆိုသည့် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို ပျိုးထောင်နိုင်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် မဲခေါင် ၅ နိုင်ငံအနက် တစ်နိုင်ငံက တရုတ်နိုင်ငံနှင့်အတူ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရသည့်အတွက် ယခုနှစ်ဝန်ကြီးအဆင့် အစည်းအဝေးကို မိမိတို့နိုင်ငံက တာဝန်ယူကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းသည်လည်း မြန်မာနိုင်ငံအစိုးရ၏ အချုပ်အခြာ အာဏာနှင့် တည်ရှိမှုကို အသိအမှတ်ပြုခြင်းသာဖြစ်ကြောင်း၊ ထိုအပြင် မဲခေါင်နိုင်ငံ အားလုံးသည် တစ်သားတည်းဖြစ်နေခြင်းကို ပြသခြင်းဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် နှစ်နိုင်ငံ အကြား၊ ဒေသတွင်းအကြား သဘောတူညီမှုစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသွားရန်လည်းရှိကြောင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းအကျိုးစီးပွားတို့ကို များစွာဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်းကို ပြောကြားလိုကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဖိတ်ခေါ်ကမ်းလှမ်း

ဆက်လက်ပြီး ငြိမ်းချမ်းရေးဆိုင်ရာအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်နေသည့်ကာလကစ၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဖြစ်နိုင်သမျှ၊ ရနိုင်သမျှနည်းလမ်းတို့နှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်ကို နိုင်ငံတော်အကြီးအကဲ အနေဖြင့် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မည်သည့်ခေတ်အခါမှမရှိခဲ့သည့် ဖိတ်ခေါ်ကမ်းလှမ်းမှုမျိုးများနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းဖိတ်ခေါ်မှုအပေါ် ဒေသခံပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို အစစ်အမှန်လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်ခံတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်မှ ဇွန် ၂၀ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပြုသဘော ဆောင်သည့် ဆွေးနွေးမှုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး SSPP ၊ LDU အဖွဲ့တို့နှင့်လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ Stakeholder များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့စသည်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်မှာ (၇၃)ကြိမ်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် ယခုတက်ရောက်လာသည့်အထဲတွင် NCA သဘောတူလက်မှတ် ရေးထိုးပြီးသည့်အဖွဲ့များဖြစ်သည့် RCSS/SSA,NMSP, KNU/KNLA-PC, ALP, PNLO, DKBA အဖွဲ့တို့နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ အစိတ်အပိုင်း(၃)မှဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန် အချက်များ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို ရရှိလက်မှတ်ရေးထိုးနိုင်ခဲ့သကဲ့သို့ NCA သဘောတူလက်မှတ် မရေးထိုးရသေးသည့် UWSP, NDAA (မိုင်းလား) အဖွဲ့တို့နှင့်လည်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)