Skip to main content

နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆင့်မြင့်နည်းပညာပေး စံပြစိုက်ကွင်းများ ထူထောင်ဆောင်ရွက်မည်

နေပြည်တော် ဇူလိုင် ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆင့်မြင့်နည်းပညာပေး စံပြစိုက်ကွင်းများ ထူထောင်ဆောင်ရွက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာတွင် ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုစိုက်ပျိုးထားသော မိုးစပါး ဧက(၁၀၀) နှင့် လယ်ဝေးမြို့နယ်ရှိ သီးနှံစိုက်ကွင်းများသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ရေရရှိရေး နည်းလမ်းမျိုးစုံအသုံးပြု၍ သီးထပ်ဧရိယာတိုးတက်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့  စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးကိုလည်း မျက်ခြည်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေမြေအခြေအနေပေးသည့် စိုက်ပျိုးမြေများ အားလုံး တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးနှံထွက်ရှိမှု ပမာဏနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများနှင့်အတူ စိုက်ပျိုးရေ ခြွေတာနိုင်ရန်နှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရန်တို့ကိုပါ အသိပညာပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ၌ ၂၀၂၁-၂၀၂၂ခုနှစ်အတွင်း မိုးစပါးဧက(၁၇၀၀၀၀)ကျော်၊ နွေစပါးဧက(၂၈၀၀၀)ခန့်နှင့် သီးနှံစုံ ဧက(၃၂၀၀၀၀)ကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း၊ မြေဆီမြေနှစ် ကောင်းမွန်ပြီး ရာသီဥတုသင့်တင့်မျှတသည့်ဒေသတစ်ခုဖြစ်၍ တစ်နှစ်သုံးသီး စိုက်ပျိုးရန် အလားအလာကောင်းများစွာရှိနေသကဲ့သို့ ဦးစီးဌာနရုံးချုပ်များ၊ သုတေသနဌာနများရှိနေသဖြင့် ပညာရှင်အရင်းအမြစ်များလည်း ပြည့်စုံလျက်ရှိနေရာ အဆင့်မြင့်နည်းပညာပေး စံပြစိုက်ကွင်းများထူထောင်ပြီး ဒေသခံတောင်သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တောင်သူလယ်သမားများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ လေ့လာနိုင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)