Skip to main content

IT Audit ဆောင်ရွက်နိုင်ရန်အတွက် Data Analysis သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် IT Audit ဆိုင်ရာ Data Analysis သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ယနေ့ကမ္ဘာသည် Fourth Industrial Revolution ခေတ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းအချက်အလက် နည်းပညာ (Information Technology : IT) သည် အရေးပါသည့် မဏ္ဍိုင်တစ်ခု ဖြစ်လာပါကြောင်း၊ ထို့ကြောင့် စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများသည် IT ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးများ ပြည့်ဝစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ IT ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းသည် အချိန်ကုန်သက်သာ၍ လုပ်ငန်းတွင်ကျယ်သည့် အကျိုးကျေးဇူးများ ရှိသကဲ့သို့ သတင်းအချက်အလက် ပေါက်ကြားခြင်းဆိုင်ရာ ဆိုးကျိုးများလည်း ရှိသည်ဖြစ်ရာ သတင်းအချက်အလက် လုံခြုံမှုဆိုင်ရာ ကြီးကြပ်ထိန်းချုပ်မှုများကိုလည်း အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

သို့ပါ၍ သင်တန်းဆင်းများ အနေဖြင့် ယခုသင်တန်းမှ ပို့ချမှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်း၊ ပြန်လည်မျှဝေသင်ကြားပေးခြင်းနှင့် IT ဆိုင်ရာ ဗဟုသုတ၊ ပညာရပ်များကို ဆက်လက်လေ့လာ ဖြည့်ဆည်းခြင်းတို့ဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ခံယူချက်ကောင်းများ ထားရှိ၍ ကြိုးစားသွားကြ စေလိုပါကြောင်း မှာကြားသည်။

အဆိုပါ သင်တန်းကို ရှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရုံးချုပ်မှ ဝန်ထမ်းနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၁၄ ဦး တက်ရောက် ပြီးမြောက်ခဲ့သည်။

အလားတူ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အသိပညာမျှဝေရေး ဆွေးနွေးပွဲအမှတ်စဉ်(၁၇)သို့ တက်ရောက်အမှာစကား ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ဝန်ထမ်းစုစုပေါင်း ၃၉၈ ဦးတို့သည် စုပေါင်းခန်းမနှင့် နေပြည်တော် သင်တန်းခန်းမနှစ်ခု၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်