နေပြည်တော် ဇူလိုင် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများ၊ နိုင်ငံတော်၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်အနေဖြင့် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို စောင့်ထိန်းသည့်မူဝါဒ၊ ထာဝရ တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သော အိမ်နီးချင်း ဆက်ဆံရေး၊ အာဆီယံက သတ်မှတ်ထားသော မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း ပူးပေါင်းကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆွေးနွေးသဘောတူ အတည်ပြု ထုတ်ပြန်ခဲ့သည့် အချက်အလက်များ၊ (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို ဇွန် ၂၈ ရက်နှင့် ၂၉ ရက်တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် အခြေအနေများနှင့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်တွင် နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ဂါရဝပြု တွေ့ဆုံဆွေးနွေးမှုများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Mr.Parksokhon ဦးစီးအဖွဲ့၏ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သဘော ခရီးစဉ် အခြေအနေများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး အကြောင်းအရာများ။
ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် ဒေသခံ ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို အစစ်အမှန်လိုလား သော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အနက် မေ ၂၀ ရက်မှ ဇွန် ၂၀ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ရာ SSPP အဖွဲ့၊ LDU အဖွဲ့တို့နှင့်လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည့် အခြေအနေများ။
၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ် ကျောင်းတက်ရောက်မှုနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုအခြေအနေများ၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ခြင်း မရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပပေးမည့် အစီအစဉ်များ၊ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားမှု အခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများ၊ ပြည်တွင်းရှိ မလုံခြုံသော နေရာများတွင် ရောက်ရှိနေပြီး ရိုးသားစွာ ကျောင်းပြန်တက်လိုသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး နိုင်ငံတော်အစိုးရကပြန်လည် ဖိတ်ခေါ်လျက် ရှိသည်များ။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများ၊ ကမ္ဘာ့ဈေးကွက် အခြေအနေအရ စားဆီနှင့်ပတ်သက်၍ ဈေးနှုန်းမြင့်တက်ခြင်းများ ရှိသော်လည်း လုံးဝပြတ်လပ်ခြင်း မရှိအောင် အစိုးရအနေဖြင့် စီမံနေမှုများနှင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း၊ ပြည်ပ ချေးငွေကိစ္စရပ်များ။
NUG ၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်မှု လုပ်ရပ်များနှင့် ဆက်စပ်မှုများ၊ ရှမ်းနီလူမျိုး၊ KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များ၊ ဥကရစ်ထစစ်ဆင်ရေး ခြေကုပ်စခန်း ဖြစ်စဉ်နှင့် ပတ်သက်သည်များကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူများကို အရေးယူဆောင်ရွက်မှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်း ကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များနှင့် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။