Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာလှည့်ဗီဇာဖြင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသော လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့်ဗီဇာတို့ဖြင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ ဥက္ကဋ္ဌကလည်း ခရီးသွား ဧည့်သည်များ နိုင်ငံအတွင်း အဆင်ပြေ ချောမွေ့စွာဖြင့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန် လမ်းညွှန်မှု ပြုခဲ့ပါကြောင်း၊ ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည် ဆင်းသက်ခွင့်ပြုခဲ့ပြီး e-Visa စနစ်ဖြင့် လုပ်ငန်းဗီဇာများကို စတင်ခွင့်ပြုပေးခဲ့ပြီးနောက် မေ ၂၀ ရက်မှစတင်၍ ကမ္ဘာလှည့် ဗီဇာများကိုလည်း e-Visa စနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ နိုင်ငံတကာ လေကြောင်းလိုင်း (၁၁)လိုင်းဖြင့် ခရီးစဉ်ပေါင်း (၁၅)ခုမှ ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက်ဝင် ရောက်လျက်ရှိကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်္ကာပူ၊ အမေရိကန် စသည့်နိုင်ငံများမှ ခရီးသည်များ အပါအဝင် နိုင်ငံပေါင်း (၄၇) နိုင်ငံမှ ပြည်ပခရီးသည်များ ဝင်ရောက်လျက်ရှိကြောင်း၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက် ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာ သွားလာ လည်ပတ်နိုင်ရေးနှင့် ၎င်းတို့၏ လိုအပ်ချက်များအား ကူညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်မှုသည် အရေးကြီးကြောင်း။

သို့ဖြစ်ရာ သတင်းအချက်အလက်များကို တိကျမှန်ကန် မြန်ဆန်စွာ ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာများအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မည့် ခရီးစဉ်များကို ကြိုတင် သိရှိနိုင်ရန်အတွက် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ရရှိမှုသည် အဓိကကျပါကြောင်း၊ ထို့အပြင် ခရီးသည်များ၏ ဝင်ရောက်လည်ပတ်မှု အစီအစဉ်ကို သိရှိနိုင်ရေးအတွက် e-Visa လျှောက်လွှာ ပုံစံတွင် Package Tour ၊ Foreign Independent Traveller (FIT) စသည်ဖြင့် ဖြည့်သွင်းပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ခရီးသည်များ ဝင်ရောက်လာသည့်အခါ လေယာဉ်ပေါ်တွင် ကြိုတင်ဖြည့်သွင်းရသော Arrival Card များ၌ ၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ သွားရောက်မည့် နေရာဒေသများကို ဖြည့်သွင်းပေးစေလိုကြောင်း။

မိမိတို့ ဝန်ကြီးဌာနမှလည်း ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်နေထိုင်သော ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များစာရင်းကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS)ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာမီ ပွင့်လင်းကာလ ခရီးသွားရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသားများ ဝင်ရောက်လာသည့်အခါ သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိရေးအတွက် GLMS စနစ်ကို နယ်ရုံးခွဲများမှ ဆောင်ရွက်နေမှု အခြေအနေများနှင့် ခရီးသွားများ ဝင်ရောက်သည့်အခါ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး စီမံဆောင်ရွက်ရန်အတွက် ကုမ္ပဏီများမှ ကြိုတင် တင်ပြရန်ကိစ္စနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက GLMS စနစ်နှင့် ပတ်သက်၍ သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဧည့်သည်များ၏ အချက်အလက်များ ဖြည့်သွင်းထားရှိမှု၊ နိုင်ငံများမှ Visa အမျိုးအစားအလိုက် ခရီးသည် ရောက်ရှိမှုများ၊ GLMS စနစ်အား တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သာမက ခရိုင်အဆင့်ထိပါ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ အချက်အလက်မှန်ကန်ရေးတို့နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးအကြံပြုတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ တာဝန်ခံများက ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် GLMS စနစ်အား အသုံးပြုနေမှုအခြေအနေများအား ဆွေးနွေး တင်ပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)