နေပြည်တော် ဇွန် ၂၉
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
ပူးပေါင်းဆောင်ရွက်ကြရန်လို
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထွန်းအုံက မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်အဖြစ်အမည်စာရင်း အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်ကို သစ်တောဦးစီးဌာန စီမံအုပ်ချုပ်မှုအောက်ရှိ Geosite ၁၄ ခုဖြင့် ကနဦးတည်ထောင်သွားရန်ဖြစ်ကြောင်း၊ နောင်ပေါ်ပေါက်လာမည့် ဘူမိဥယျာဉ်များကို ဆက်စပ်ဌာန၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
ပုပ္ပားတောင်ဒေသကို UNESCO Global Geopark အဖြစ် သတ်မှတ်မည်ဆိုပါက ဘူမိ-ခရီးသွားလုပ်ငန်း (Geotourism) ပေါ်ပေါက် လာမည်ဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများရရှိစေမည် ဖြစ်သည့်အတွက် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသန ဆိုင်ရာအဖွဲ့အစည်းများအပြင် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အကြံပြုဆွေးနွေးကြသည်။
အစည်းအဝေးသို့ ဘူမိဥယျာဉ် ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ(၂) ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များ၊ UNESCO အမျိုးသားကော်မရှင်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ဥက္ကဋ္ဌ (Geopark)ကော်မတီ၊ UNESCO နှင့် တာဝန်ရှိသူများ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်