Skip to main content

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်သည့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိ

နေပြည်တော် ဇွန် ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်၏ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ ဇွန် ၂၆ ရက်မှစ၍ PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် နေ့စဉ် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက်သမားများအနေဖြင့် သာလွန်အင်အားအသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ အရာရှိ၊ စစ်သည်များ၏ ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်ဖြင့် စနစ်တကျ တန်ပြန်ခုခံပစ်ခတ်မှုများကြောင့် စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကြမ်းဖက်သမားများအနေဖြင့် အကျအဆုံးများစွာရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။ ယနေ့တွင်လည်း အကြမ်းဖက်သမားများသည် စခန်းအား သိမ်းပိုက်ရရှိနိုင်ရေး အင်အားများ ထပ်မံဖြည့်တင်းပြီး ၈ ကြိမ်တိုင်တိုင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ကူပစ်အား အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။

ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းမှ တပ်မတော်သားများအနေဖြင့် ယခင်နေ့များကဲ့သို့ပင် ကြံ့ကြံ့ခံ ခုခံပစ်ခတ်ခဲ့သည့်အပြင် အထက်ဌာနများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့အား အချိန်ကိုက်၊ နေရာကိုက် ထိရောက်သော ပစ်ကူပစ်အားပေး၍ အကြမ်းဖက်သမားများအား ချေမှုန်းခဲ့သည်။ သတင်းဖော်ထုတ်ရရှိမှု၊ မြေပြင်သတင်းနှင့် အရပ်ဘက် သတင်းများအရ အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများပြားလျက်ရှိပြီး အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ စတင်ဆုတ်ခွာ ထွက်ပြေးနေရလျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ဒေသရှိ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းအား မြေပြင်ချိတ်ဆက်မှုရရှိနိုင်ရေးနှင့် အကြမ်းဖက်အဖွဲ့များအား တန်ပြန်ပိတ်ဆို့ချေမှုန်းနိုင်ရေး တပ်မတော်စစ်ကြောင်းများက ချီတက်လျက်ရှိရာ စခန်းအနီးရောက်ရှိနေပြီဖြစ်ကြောင်းနှင့် စခန်းအား လာရောက်တိုက်ခိုက်သည့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် KNLA ပူးပေါင်းအဖွဲ့များ၊ ပတ်ဝန်းကျင်ရှိ အကြမ်းဖက်သမားများအား ထိရောက်စွာ ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။