နေပြည်တော် ဇွန် ၂၇
ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု သုတပဒေသာ(ဝိဇ္ဇာ) ပထမဆုရရှိသည့် စာရေးဆရာမ ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)၏ “ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ” စာအုပ်ကို ရောင်းဈေးကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် အရှေ့တောင်အာရှရှိ မြို့ဟောင်းကြီးများအနက် သက်တမ်းအရှည်ကြာဆုံး မြို့ဟောင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အစောဆုံးမြို့ပြနိုင်ငံလည်းဖြစ်သည့် ပျူမြို့ဟောင်းကြီးများအကြောင်း သုတေသနပြုရေးသားထားသည်။ ဒွတ္တပေါင်မင်းကြီး တည်ခဲ့သော ဘုရားများ၊ ပျူတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကုန်သွယ်ရေး၊ ပျူဒင်္ဂါး၊ သရေခေတ္တရာဒင်္ဂါး၊ မြေအိုး၊ အုတ်ခဲ၊ တံဆိပ်တုံးများ၊ မြေဆေးတံ၊ ပျူပုတီးစေ့၊ အုတ်ခွက် ဆင်းတုများ၊ ပျူခေတ်အနုပညာ၊ ရှေးဟောင်းကမ္ပည်းစာများ၊ ကျောက်ဆစ်လက်ရာများ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာဆိုင်ရာရုပ်တုများ၊ ပရိဘောဂအသုံးအဆောင် စသည်တို့အပြင် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြည့်ပြည့်စုံစုံ တင်ပြထားပါသည်။ ထို့ပြင် ပျူလူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် ထည်ဝါစွာ နေထိုင်ခဲ့ကြပုံများကို ကျမ်းကိုးစာရင်း၊ ရောင်စုံဓာတ်ပုံများ၊ မြေပုံများနှင့်တကွ သုတေသနပြုကာ ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
ကဗျာကောက်သင်းကောက်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာရေးဆရာ သူရဇော်၏ “ကဗျာကောက်သင်းကောက်” (ပထမတွဲ)စာအုပ်ကို ရောင်းဈေးကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ကဗျာရှင်၏ ကဗျာရေးသက် နှစ်(၆၀)အတွင်း ရေးဖွဲ့သီကုံးထားခဲ့သော ကဗျာလေးများကို စုစည်း၍ အသက်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် အဆိုပါစာအုပ်တွင် ကဗျာပုဒ်ရေ ၁၆၈ ပုဒ် ပါဝင်သည်။
ယင်းကဗျာများတွင် မြတ်ဗုဒ္ဓသို့ ပူဇော်ခြင်းကဗျာများ၊ အချစ်ကဗျာများ၊ ကျေးလက်မြန်မာမှု တောဓလေ့ကဗျာများအပြင် ပတ်ဝန်းကျင်တွင် ကြုံတွေ့၊ မြင်တွေ့ရသည့် အဖြစ်အပျက်များကို အခြေခံပြီး ရေးဖွဲ့ထားသည့် ကဗျာများပါဝင်သည်။ ကဗျာများကို တေးထပ်၊ လေးချိုး၊ ဒွေးချိုး၊ အချိုးတွဲ၊ လေးချိုးတွဲ စသည့် စပ်လုံးမျိုးစုံဖြင့် ကဗျာဆရာက အနုပညာရသမြောက်စွာ ခံစားသီကုံး ရေးဖွဲ့ထားပေသည်။ ကဗျာကို တန်ဖိုးထား ချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် လက်မလွှတ်သင့်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန(ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်