Skip to main content

မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

နေပြည်တော် ဇွန် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇွန် ၂၅ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးသုတေသနဦးစီးဌာန၏ မွေးမြူရေး တိရစ္ဆာန်မျိုးရင်းမျိုးစစ်များ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ မျိုးထိန်းမျိုးပွားခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ အစာအာဟာရ ဖွံ့ဖြိုးရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းဆိုင်ရာ လက်တွေ့အသုံးချနိုင်သည့် နည်းပညာရပ်များနှင့် တီထွင်ဆန်းသစ်မှုများ ရရှိစေရန်အတွက် သုတေသနပြုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ကြည့်ရှုစစ်ဆေးစဉ် သုတေသနပညာရှင်များအား မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများကို စျေးကွက်ဝင် အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အသုံးချသုတေသနလုပ်ငန်းများ အလေးထား ဆောင်ရွက်ရန်နှင့် စျေးကွက်ဆိုင်ရာ သုတေသနပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ တပ်ကုန်းမြို့နယ် တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲသို့ ရောက်ရှိပြီး နှစ်အလိုက် တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်မှုအခြေအနေ၊ BSL-2 ခွာနာလျှာနာရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၏ လုပ်ဆောင်ချက်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ သွေးရည်ကြည် နမူနာစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ ခွာနာလျှာနာရောဂါ စူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းများနှင့် တိရစ္ဆာန်အစာပင်မျိုး ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြည်မပြတ် စောင့်ကြည့်ကာကွယ်ရန် လိုအပ်ချက်များ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)ကို တိုးချဲ့ပညာပေးရန်၊ ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်နှင့် ထိန်းချုပ်ရေးဇုန် တည်ထောင်ခြင်းလုပ်ငန်းများ နယ်မြေဒေသအလိုက် တည်ထောင်ရန် လိုအပ်ချက်များ၊ ဓာတ်ခွဲခန်းအရည်အသွေး ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီးရှိ ငလိုက်ရေလှောင်တမံ၏ ဆည်ဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ ရေပိုလွှဲ ပြုပြင်ထိန်းသိမ်းမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်