Skip to main content

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၇

၂၀၂၂ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုနှစ်ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “လူနေမှုဘဝသာယာဖို့ အအေးပေးနည်းပညာမြှင့်တင်စို့” “Cooling Matters” ဖြစ်ပြီး အအေးပေးပစ္စည်းများ၏ နေ့စဉ်လူမှုဘဝများအပေါ် အကျိုးသက်ရောက်မှုများနှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင်ဆိုင်ရာ သာယာကောင်းမွန်မှု၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသော နည်းပညာ ဖန်တီးတီထွင်နိုင်မှု၏ အရေးကြီးပုံကို သိရှိစေရန် ရည်ရွယ်ကြောင်း။

အအေးပေးဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် အိုဇုန်းလွှာပျက်စီးမှုသည် ယနေ့ခေတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် အလေးထား ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို ၁၉၉၃ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးပြီး အိုဇုန်းလွှာ ပျက်စီးစေမည့် ဒြပ်ပစ္စည်းများ လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

အအေးပေးပစ္စည်းများသည် လူမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကျိုးပေးနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ မရှိစေရေးအတွက်လည်း အိုဇုန်းလွှာ မထိခိုက်စေသည့် အစားထိုး အအေးပေးဒြပ်ပစ္စည်းနှင့် စွမ်းအင်ချွေတာပြီး စွမ်းဆောင်ရည်ကောင်းသော အအေးပေးပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူး အသုံးပြုသွားရန်လိုကြောင်း၊ ထို့ပြင် ကမ္ဘာကြီး ပူနွေးမှုအလားအလာ မြင့်မားသည့် ဒြပ်ပစ္စည်းများ လျှော့ချသုံးစွဲရေး ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းနှင့် အိုဇုန်းလွှာ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော နည်းပညာမြှင့်တင်ရေး သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်နေ့ အသိပညာပေး ဗွီဒီယိုကိုပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အအေးပေးပစ္စည်းများနှင့် အထိမ်းအမှတ်ပိုစတာများ ပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ၊ အမျိုးသားအိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ လေအေးပေးစက်နှင့် ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ အအေးပေးဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

သတင်းစဉ်