မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် အကန့်အသတ်၊ အတားအဆီးများ ပြုလုပ်ကာ ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နေရချိန်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများက အခွင့်ကောင်းတစ်ရပ်အဖြစ် အသုံးချခဲ့ကြသည်။ မူးယစ်ဆေးဝါးတန်ဖိုး ကျပ်ငွေဘီလီယံ (သန်းပေါင်းထောင်နှင့်ချီ၍) ပမာဏကြီးမားစွာ မကြာခဏ ဖမ်းဆီးရမိခဲ့ရာ သာမန်အချိန် ကာလများထက် များစွာပိုမိုခဲ့သည်။
မူးယစ်ဆေးဝါး ပြဿနာသည် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် နိုင်ငံများ တစ်ခုပြီးတစ်ခုကို ဖြတ်ကျော် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများအပြင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ အကျင့်ပျက် ဝန်ထမ်းများ ပါဝင်နေလေ့ ရှိသည့်အတွက် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ရန် ခက်ခဲသည်။ မျက်မှောက်ကာလ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဓာတုပစ္စည်းများကို အခြေခံထုတ်လုပ်သည့် စိတ်ကြွရူးသွပ်ဆေးဝါးများ ပိုမို၍ များပြားလာသည်။ ၎င်းဓာတုပစ္စည်းများမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တစ်ခုတည်းတွင်သာ အသုံးပြုခြင်း မဟုတ်ဘဲ အခြားကုန်ထုတ် လုပ်ငန်းများတွင်ပါ အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် လုံးဝပိတ်ပင်တားဆီးရန် ခက်ခဲသည့်အပြင် မူးယစ်ဆေးပြားများ ထုတ်လုပ်သည့် စက်များမှာလည်း မော်တော်ယာဉ်ပေါ်တွင် တင်ကာ ထုတ်လုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ ထို့အပြင် အဆိုပါဓာတု ပစ္စည်းများမှာ အိမ်နီးချင်း နိုင်ငံကြီးများမှ ထုတ်လုပ်နေခြင်း ဖြစ်ရာ နိုင်ငံအတွင်းရှိ တရားဥပဒေစိုးမိုးမှု အလှမ်းဝေးသည့် ဒေသများတွင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများက လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် အပေးအယူပြုလုပ်ကာ မူးယစ်ဆေးဝါး ထုတ်လုပ်နေကြခြင်း ဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိခဲ့ရသည်။
မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ အချို့တွင်ထုတ်လုပ်ကာ ပြည်တွင်းသို့ လမ်းကြောင်း အမျိုးမျိုးဖြင့် ဖြတ်သန်းကာ ပင်လယ်ပြင်သို့ လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံအချို့သို့လည်းကောင်း သယ်ဆောင် ရောင်းဝယ်နေကြခြင် းဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ရာ အဆိုပါဥပဒေအရ မူးယစ်ဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့အတွက် ကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားသည်။
ဤတွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုမှ ရရှိသည့် အမြတ်အစွန်းသည် ဖမ်းဆီးခံရပါက ချမှတ်ခံရမည့် ပြစ်ဒဏ်ကိုပင် မကြောက်မရွံ့ နိုင်လောက်အောင်ပင် ဆွဲဆောင်နေသည့် အားလျော်စွာ မိုက်မိုက်မဲမဲ သိုလှောင်၊ သယ်ဆောင်၊ ပေးပို့၊ လွှဲပြောင်းနေကြခြင်း ဖြစ်သည်ဟူ၍ ယူဆမိသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် သယ်ဆောင်မှုများကို ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးသည့် နည်းတူ တစ်ဖက်ကလည်း ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ရေးနှင့် လိုအပ်ပါကလည်း ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရပါမည့် အကြောင်း။ ။