နေပြည်တော် ဇွန် ၂၅
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် အစိုးရဌာနဆိုင်ရာများဘက်မှ ကူညီဆောင်ရွက်ပေးနေမှုနှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် သာကေတစက်မှုဇုံနှင့် သီလဝါစက်မှုဇုံများရှိ ပုဂ္ဂလိကစက်ရုံများသို့ သွားရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတစက်မှုဇုံရှိ ပုဂ္ဂလိကစက်မှုကုမ္ပဏီ၏ ငါး၊ ပုစွန် အေးခဲပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ငါး၊ ပုစွန်များကို ပြည်ပသို့တင်ပို့ခြင်းထက် ငါးအသားလွှာကဲ့သို့သော တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ပါက လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်မှုနှင့် ဒေသနေပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအခြေအနေများ၊ သဘာဝရေချို၊ ရေငန်မှ ဖမ်းဆီးရရှိလာသည့် ငါး၊ ပုစွန်များအပြင် ရေရှည်တွင် မွေးမြူရေး ငါး၊ ပုစွန်များ ထုတ်လုပ်တင်ပို့ရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းဖွံ့ဖြိုးရေးဇုံရှိ လယ်ယာထွက်ကုန်အခြေခံသော စက်မှုလုပ်ငန်းအဖြစ် ဆန်စက်၊ ဖွဲနုဆီစက်နှင့်စပါးခွံ အသုံးပြုလျှပ်စစ်မီးထုတ်ယူပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနေမှုများကိုလည်းကောင်း၊ ဂျုံသီးနှံထွက် စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ အဆင့်မြင့်ဆီစက်နှင့် ဆီသန့်စက်ရုံများ၊ ကုန်ပစ္စည်း ထုပ်ပိုးစက်ရုံများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဆီစက်များမှ ထွက်ရှိလာသည့် ဆီကြိတ်ဖတ်များမှာ တိရစ္ဆာန်အစားအစာအတွက် အပြည့်အဝအသုံးချနိုင်သဖြင့် စားသုံးဆီကို ဘေးထွက်ပစ္စည်းသဖွယ်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်းဆီလုပ်ငန်းကဏ္ဍအတွက် လိုအပ်နေသည့် အသေးစား၊ အလတ်စား ဆီသန့်စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ လုပ်ငန်းရှင်များ လိုအပ်သည့်ပမာဏနှင့် သီးနှံအရည်အသွေးအပြည့်အဝရရှိစေရန် လုပ်ငန်းရှင်များနှင့် တောင်သူများအကြား အကျိုးတူကန်ထရိုက်လယ်ယာစနစ် တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါစက်မှုဇုံအတွင်းရှိ စိုက်ပျိုးရေးသွင်းအားစု ကွန်ပေါင်းဓါတ်မြေဩဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံ၍ သီးနှံအပင်၏ လိုအပ်ချက်ပေါ်မူတည်၍ ဓါတ်မြေဩဇာအချိုးအစားအမျိုးမျိုး ထုတ်လုပ်နေမှု၊ ပြည်တွင်းစိုက်ပျိုးရေးသွင်းအားစုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပြည်ပမှတင်သွင်းရမည့် ဓါတ်မြေဩဇာကုန်ကြမ်းအသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)