Skip to main content

ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပရေးဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဇွန် ၂၃

“ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ” ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကို အနုပညာရှင်များ၏ အကြံပြုချက်အရ စီစဉ်ဆောင်ရွက်ပေးလိုပါကြောင်း၊ ကျင်းပမည့် အဓိကရည်ရွယ်ချက်မှာ ပြိုလဲလုနီးပါးဖြစ်နေသည့် အနုပညာလောကကို ပြန်လည်အသက်ဝင် လှုပ်ရှားလာနိုင်စေရေးအတွက် ဆောင်ရွက်ပေးလိုခြင်းဖြစ်ကြောင်း။

နည်းလမ်းများရှာဖွေဆောင်ရွက်

ယနေ့အချိန်တွင် အနုပညာလောကသားများအား မသမာသူအဖျက်သမားများက ခြိမ်းခြောက်မှုများရှိလာသည့်အတွက် တချို့သောအနုပညာရှင်များမှာ မိမိတို့၏အနုပညာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲများရှိနေကြပါကြောင်း၊ အဆိုပါအခက်အခဲများကြားမှအနုပညာသမားများကိုလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများရှာဖွေဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအခါ စားဝတ်နေရေးအခက်အခဲရှိသည့် အနုပညာရှင် သမားများရှိနေသည့်အတွက် ၎င်းတို့၏လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း။

ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကြီးကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် အနုပညာရှင်များ၏ စားဝတ်နေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ အနုပညာရှင်များအနေဖြင့် မိမိတို့၏ အနုပညာအလုပ်များကိုလည်း ပြန်လည်စတင် လှုပ်ရှားဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ဖြစ်သင့်ဖြစ်ထိုက်သော နည်းလမ်းများကိုသာ ဆွေးနွေးဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပဒေသာ ကပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

အားလုံးပူးပေါင်းဆောင်ရွက်

ထို့ကြောင့် ယခုကျင်းပမည့် ပဒေသာကပွဲကြီးတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်အသီးသီးမှ အနုပညာရှင်များအားလုံးက မိမိတို့ အနုပညာလောကအကျိုးအတွက် မှန်ကန်သည့်အသိစိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)အတွင်းရေးမှူး ဦးမြင့်အောင်၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းနှင့် အနုပညာရှင်ကြီးများက ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးတို့မှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်