သာယာဝတီ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နတ်တလင်းမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) သိုလှောင်ရုံ(၁)ဝင်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုနိုင်ရေး အဆောက်အအုံများ လျာထားဆောင်ရွက်မှုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ ရုံးများအတွက် မြေနေရာလျာထားမှုကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးနှင့် လုံခြုံရေးများ ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားပြီး ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုမည့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နတ်တလင်းမြို့ ကြခတ်ဝါးရုံကျေးရွာ၌ မိုးစပါး စုပေါင်းထွန်ယက်ပွဲနှင့် ဇီးကုန်းမြို့ ကန္တလီကျေးရွာ မိုးစပါးအစေ့ချ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဆည်ရေသောက် ဧရိယာအတွင်းဖြစ်သဖြင့် တစ်နှစ် သုံးသီး စိုက်ပျိုးရမည်ဖြစ်၍ သက်တမ်းတိုသည့် စပါးမျိုးနှင့် တောင်သူတွက်ခြေကိုက် မတ်ပဲ (ရေဆင်း-၇)တို့ စိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသကြက်မွေးမြူနိုင်ရေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး မိခင်ကွယ်လွန်၍ ကျန်ရှိခဲ့သည့် ရက်သားကလေး သုံးမြွှာပူးနှင့် ကလေးဖခင်တို့အား သွားရောက်တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်