နေပြည်တော် ဇွန် ၂၁
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ သဘာပတိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ အခြေခံသည် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ ဖြစ်သဖြင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ အရည်အသွေး တိုးတက်ကောင်းမွန်မှသာ ပြည်နယ်/တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ တိုးတက်ကောင်းမွန်မည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးလည်း ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့များအနေဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ရည်ရွယ်ချက် ၄ ရပ်၊ ရှေ့လုပ်ငန်းစဉ် ၇ ရပ်၊ လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ညီလာခံ (၂၀၂၁)တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များကိုလည်း တစိုက်မတ်မတ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များတွင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေး တာဝန်ခံများ ခန့်အပ်ရေးနှင့် လစ်လပ်တာဝန်နေရာများကို ပူးတွဲထမ်းဆောင်ရေး စာတမ်းအား ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များ၊ စစ်ဆေးတွေ့ရှိချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် ရသုံးမှန်းချေငွေစာရင်းကို ဖတ်ကြားခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများအား ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဖတ်ကြားတင်ပြခြင်းများ ဆောင်ရွက်ကြပြီး ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့တွင် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေးတာဝန်ခံများ ခန့်အပ်ရေးနှင့် လစ်လပ်တာဝန်နေရာများကို ယာယီပူးတွဲ ထမ်းဆောင်ရေးတို့နှင့် သက်ဆိုင်သည့် စာတမ်းများအား အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းများ ဆောင်ရွက်ကြပြီး သဘာပတိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။