နေပြည်တော် ဇွန် ၂၁
လူမှုရေးပညာဆိုင်ရာဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုရေးပညာနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ရန်လိုကြောင်း၊ ကျွမ်းကျင်မှုဆိုရာတွင် စိတ်နေစိတ်ထားသည်လည်း အရေးကြီးကြောင်း၊ ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းရာတွင် လိုက်နာရမည့် ကျင့်ဝတ်(Ethics) များနှင့်အညီ ဂရုဏာစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် အလုပ်လုပ်ရန် လိုအပ်ကြောင်း၊ ယနေ့သင်တန်းမှ ပို့ချသွားမည့် လူမှုရေးပညာ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ အတွေ့အကြုံများကို အခြေခံ၍ လူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့် လူမှုရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်သော၊ အရည်အချင်းပြည့်ဝ၍ လုပ်ငန်းကျွမ်းကျင်သော၊ စွမ်းဆောင်ရည်မြင့်မားသော၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်နှင့်ညီညွတ်သော လူမှုဝန်ထမ်းကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လူမှုဝန်ထမ်းများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာ စသည့် နာ (၅)နာနှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းဖြင့် မိမိဌာန၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဇွန် ၂၁ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၂၇)ဦး တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ လူမှုရေးပညာရပ်ဆိုင်ရာ ခံယူချက်၊ အသိပညာများ ပြည့်ဝလာပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ပိုမိုမြှင့်တင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်