စစ်တွေ ဇွန် ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ လူဦးရေစာရင်း ကောက်ယူပြီးစီးမှု၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာပြုစုရေးဆိုင်ရာများ၊ PR စနစ်ဖြင့် ရွေးကောက်ပွဲ ပြောင်းလဲကျင်းပပေးမည့် အခြေအနေ၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် သက်ဆိုင်ရာဝန်ကြီးဌာများ၊ ပြည်နယ်တိုင်း အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပါတီများကို ဥပဒေနှင့်အညီ စစ်ဆေးနေမှု၊ ပါတီများကို စစ်ဆေးနေခြင်းသည်လည်း နောင်ရွေးကောက်များတွင် မှန်မှန်ကန်ကန် ဖြစ်နိုင်ရေးအတွက် စစ်ဆေးနေမှု၊ ရွေးကောက်ပွဲအတွက် အမှားအယွင်းမရှိအောင် စီစဉ်နေမှု၊ ရခိုင်ပြည်နယ်တွင် လိုအပ်ပါက မဲရုံများထပ်မံတိုးချဲ့နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရွေးကောက်ပွဲ ထပ်မံကျင်းပနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့်အတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ကိစ္စများကို ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၏ ဝန်ထမ်းများ ခန့်အပ်ထားမှု၊ ရုံးအဆောက်အဦမြေနေရာ ရရှိမှုနှင့် မဲစာရင်း ပြုစုရန်အတွက် လိုအပ်သော လူဦးရေစာရင်းပြုစုပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံက ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၌ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြတောင်းခံထားသည့် မြေနေရာသို့ လည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ခွဲရုံး၊ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်