နေပြည်တော် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁ ရက် ည ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၁) ရပ်ကွက်ရှိ အောင်မင်း၏ နေအိမ်ကို သတင်းအရရှာဖွေရာ ခြံစောင့် ခင်မောင်ထွန်းနှင့် ကိုကိုနိုင်တို့ ၂ ဦးနှင့်အတူ နေအိမ်မှ သနပ်ခါးဘူးများ၊ ဆီးသီးထုပ်များနှင့် အုန်းသီးခြောက်များအတွင်း ထည့်သွင်းသိုဝှက်ထားသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်မင်းမှာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၇,၇၅၀ ပြား ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံပြေး တစ်ဦးဖြစ်၍ ၂၀၂၂ ခုနှစ် မေ ၁၆ ရက်တွင် မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်