Skip to main content

လူကုန်ကူးမှုများကို မျက်ခြည်မပြတ် လေ့လာသိရှိနေမှသာ တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်

နေပြည်တော် ဇွန် ၂ဝ

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂ဝ၂၂)ကိုယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ဦးဆောင်သော လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နည်းပညာအသုံးပြုလူစုဆောင်း

အစည်းအဝေးတွင်ကမ္ဘာ တစ်ဝန်းလူကုန်ကူးမှုပုံစံများနှင့် လမ်းကြောင်းများ (Patterns and Flows) ပြောင်းလဲလာကြောင်း၊ အလွန်အမင်းဆင်းရဲနွမ်းပါးမှု၊ စီးပွားရေးကျဆင်းမှုနှင့် လူမှုရေးစံနှုန်းနိမ့်ပါးမှုများအပေါ် လူကုန်ကူးသူများက အလွဲအသုံးပြုခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကြောင့် ကလေးသူငယ်လူကုန်ကူးမှုများနှင့် အဓမ္မလုပ်အားခိုင်းစေခြင်းများ ဖြစ်ပွားမှုတိုးမြှင့်လာကြောင်း၊ ထို့အပြင် လူကုန်ကူးသူများသည် ပြောင်းလဲတိုးတက်လာသည့် နည်းပညာများကိုအသုံးပြုပြီး လူစုဆောင်းခြင်းများကျူးလွန်လာကြကြောင်း၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုများကို မျက်ခြည်မပြတ်လေ့လာသိရှိနေမှသာ လုပ်ငန်းကော်မတီ၏ အဓိကရည်မှန်းချက်ဖြစ်သည့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း။

ပြည်ပသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရမှုများရှိနေသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းအလုပ်အကိုင်ဖန်တီးပေးမှုများ၊ မှန်ကန်သောလုပ်သား စုဆောင်းမှုများ၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအား ထိထိရောက်ရောက်ကြီးကြပ်မှုများကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း တရားမဝင်ခေါ်ဆောင်ပြီး စေခိုင်းမှုဖြစ်စဉ်များလည်း ဖြစ်ပွားလာသည်ကို တွေ့ရကြောင်း၊ မလေးရှားနိုင်ငံသားများကို တာချီလိတ်၊ မြဝတီဘက်တွင် အဓမ္မခိုင်းစေသည့် လူကုန် ကူးမှုများရှိလာကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံသားများသာမကဘဲ နိုင်ငံခြားသား လူကုန်ကူးခံရသူများကိုပါ အကာအကွယ်ပေးရမည့်လုပ်ငန်းစဉ်များကို သတင်းလက်ဦးမှုရယူကာ ကာကွယ်မှုများနှင့် အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထိရောက်သည့်ပြစ်ဒဏ်ရရှိရေး

နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် လူကုန်ကူးမှုများအား ကာကွယ်တားဆီးရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာများလက်မှတ် ရေးထိုးထားပြီးဖြစ်ပါကြောင်း၊ အလားတူ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပါကြောင်း၊ လူကုန်ကူးမှုကျူးလွန်သူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်သည့်ပြစ်ဒဏ်ရရှိရေးသည်လည်း အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၀၇ မှုမှ တရားခံ ကျား ၁၀၈ ဦး၊ မ ၁၈၆ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကြီးလေးသောပြစ်ဒဏ်များအနေဖြင့် ထောင်ဒဏ်အနှစ်(၂၀)၁၈ဦး၊ ထောင်ဒဏ်(၁၅)နှစ် လေးဦး၊ ထောင်ဒဏ်(၁၄) နှစ် နှစ်ဦး၊ ထောင်ဒဏ်(၁၂) နှစ်၁၀ ဦး၊ ထောင်ဒဏ်(၁၁)နှစ်နှစ်ဦးနှင့် ထောင်ဒဏ်(၁၀)နှစ်၁၂၄ဦး ချမှတ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တရားရှင်လွှတ်မှု ရှစ်မှု၊ တရားသေလွှတ်မှု ၁၅ မှုရှိခဲ့သဖြင့် အမှုများတည်ဆောက်မှုအပိုင်း၊ တရားစွဲတင်မှုအပိုင်း၊ တရားရုံးစစ်ဆေးမှုအပိုင်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံသည် လူကုန်ကူးခံရသည့် မူရင်းနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုအစီရင်ခံစာအရ Tier-3 အဆင့်အနိမ့်ဆုံးစံနှုန်း သတ်မှတ်ခံရခြင်းသည်သုံးနှစ် ဆက်တိုက်ရှိနေပြီဖြစ်၍ အဆိုပါ သတ်မှတ်ချက်အားကျော်လွန်နိုင်ရန် မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ရေးနှင့် အကာအကွယ်ပေးရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ထူးက ၂ဝ၂၂ ခုနှစ် လုပ်ငန်းစီမံချက်ပါ ကြိုတင်ကာကွယ်ရေး ကဏ္ဍရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် လူကုန်ကူးမှုဖြစ်စဉ်များအပေါ် အရေးယူဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြ၍ လုပ်ငန်းကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြကြသည်။

ပူးပေါင်းချိတ်ဆက်ဆောင်ရွက်

ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က နိဂုံးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်အပေါ် အပြည့်အဝအောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အကောင်အထည်ဖော်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများကိုညှိနှိုင်းတိုင်ပင်ပြီး တက်ကြွစွာပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်