နေပြည်တော် ဇွန် ၂၀
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် နေပြည်တော်ရုံးအမှတ် (၄၇) တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းဆေး ပညာရပ်တိုးတက်ရေးအတွက် တိုင်းရင်းဆေးကောင်စီ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကောင်စီ၏တာဝန်များမှာ ဆေးကုသမှုလိုင်စင်များ ထုတ်ပေးရမည်ဖြစ်သလို စည်းမျဉ်း စည်းကမ်းဖောက်ဖျက်သူများကိုလည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ထိန်းကျောင်းမှုများ ဆောင်ရွက်ရသည့် နည်းတူ တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံမီစေရေး တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ပရဆေးမျိုးစိတ်များ ထိန်းသိမ်း
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် အခန်းကဏ္ဍတွင်လည်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ပရဆေးဥယျာဉ်ကိုးခုရှိပြီး အဖိုးတန်ပရ ဆေးမျိုးစိတ်များ မပျောက်မပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲများ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အဆင့်ရုံးများ တိုးချဲ့ဖွင့်လှစ်ရန်အတွက် ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံကအစ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် တိုင်းရင်းဆေးပညာဘွဲ့ရများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူလူထု အများစုသည် မြန်မာ့တိုင်းရင်းဆေးကို အားကိုးကြသည့်အတွက် တိုင်းရင်းဆေးခန်းများကို တိုးချဲ့ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက အဖွဲ့ကိုယ်စား ဆရာ ဦးမြင့်လွင်က တိုင်းရင်းဆေးကောင်စီ နာယကအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ ဦးမိတ်က တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာအဆင့်မီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စ၊ တိုင်းရင်းဆေးဖုံအသစ်များထွက်ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေကို လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေးက တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပပြုလုပ်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက တိုင်းရင်းဆေးတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ၌ တက်ရောက်နေသော ကျောင်းသား ကျောင်းသူများ၏အခြေအနေ၊ အသစ်တိုးချဲ့ ဖွင့်လှစ်သွားမည့် တိုင်းရင်းဆေးပညာ အထူးပြု ဘွဲ့လွန်သင်တန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့မှအဖွဲ့ဝင်များက တိုင်းရင်းဆေး ပညာလောကဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း အကြံပြုဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။
သတင်းစဉ်