Skip to main content

ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးဝါးများထုတ်လုပ်နေ၍ ကောင်းမွန်သည့်ထုတ်လုပ်မှုနည်းစဉ်များ တိတိကျကျလိုက်နာ

နေပြည်တော ဇွန် ၂၀

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ သွားရောက်စစ်ဆေးသည်။

ဦးစွာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်စက်ရုံမှူးတို့က လုပ်ငန်းများလည်ပတ်နေမှု၊ သွေးကြောသွင်းဆေးရည်များနှင့် တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၌ထုတ်လုပ်လျက်ရှိသည့် ထုတ်ကုန်တစ်ခုချင်းအလိုက် Business Plan များ ရေးဆွဲထားရှိဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း။

ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးဝါးများထုတ်လုပ်နေခြင်းဖြစ်၍ ကောင်းမွန်သည့် ထုတ်လုပ်မှုနည်းစဉ်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုမစတင်မီနှင့် ဆောင်ရွက်နေစဉ်ကာလအတွင်း အရည်အသွေးစစ်ဆေးသည့် မှတ်တမ်းနှင့်နမူနာ (Sample)များကို စနစ်တကျ သိမ်းဆည်းမှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့၏ အမှာစာများအား အချိန်မီထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် အချိန်ဇယားများရေးဆွဲ၍ အလေးထားဆောင်ရွက်ရန်၊ ဆေးဝါးစက်ရုံများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသင်ယူမှုများကို အစဉ်အမြဲ ဆောင်ရွက်ကြရန်မှာကြားပြီး တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ ဆပ်ပြာစက်ရုံ(ရမည်းသင်း)သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က စက်ရုံလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရွှေဝါဆပ်ပြာများနှင့် ပတ်သက်၍ ဈေးကွက်သုတေသနပြုလုပ်ရန်၊ ထုတ်ကုန်အရည်အသွေးတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်ရန်နှင့် စက်ရုံရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး စက်ရုံအတွင်း၌ထုတ်လုပ်ပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရန် အဆင်သင့်ထုပ်ပိုးထားရှိသည့် ရွှေဝါအမှတ်တံဆိပ်ဆပ်ပြာများနှင့် ကုန်ထုတ်စက်များကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

သတင်းစဉ်