ရန်ကုန် ဇွန် ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၈)ရပ်ကွက် ကျန်စစ်သား လမ်းပေါ်ရှိ မြန်မာ-ကိုရီးယားချစ်ကြည်ရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၁၉ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလအထိ သင်တန်းကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာအခြေခံသင်တန်း၊ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းလာသဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် အဆောက်အအုံပျက်စီးမှုများရှိပါကလည်း လိုအပ်သည်များ ပြန်လည်မွမ်းမံထားရှိရန် တာဝန်ရှိသူများသို့ မှာကြား၍ အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပျူခေတ်ကာလသမိုင်းစဉ်ဆိုင်ရာ ဆွေးနွေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏တစ်ဆက်တစ်စပ်တည်း သော မြန်မာ့သမိုင်းစဉ်ပြုစုပြီး မူကြမ်းနှင့် ပတ်သက်၍ ပျူခေတ်ကာလသမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အစီအစဉ်အရ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဦးသိန်းလှိုင်က “ပျူခေတ်ကာလ သမိုင်းစဉ်” (မူကြမ်း)ကို ဖတ်ကြားတင်ပြဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲသည် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများက သမိုင်းခေတ်ကာလအလိုက် တာဝန်ယူပြုစုရေးသားမှုများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနပြုတွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်ပြီး Documentary ရိုက်ကူးမှတ်တမ်းတင်နိုင်သည်အထိပါ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
သက်တမ်းတွက်ချက်မှုများ တင်ပြ
မွန်းလွဲပိုင်းတွင် ပျူခေတ်ကာလ သမိုင်းစဉ် (မူကြမ်း)ကို ဆက်လက်ဆွေးနွေးကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ နောက်ဆုံး သုတေသနပြုတွေ့ရှိချက်များ၊ နိုင်ငံ တကာဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွက်ချက်မှုများကို ဖြည့်စွက်တင်ပြ ဆွေးနွေးကြသည်။
မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်ကာလသမိုင်းစဉ် ဆွေးနွေးပွဲကို ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ စုစုပေါင်းသုံးရက် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေး ဖြည့်စွက်ချက်များကို ပြန်လည်ပြင်ဆင်၍ ဒုတိယအကြိမ် ထပ်မံဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်