သံတွဲ ဇွန် ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံတို့နှင့်အတူ ယမန်နေ့နံနက်တွင် သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတည်ဆောက်မည့် မြေနေရာများဖြစ်သည့် အမှတ်(၂)ရပ်ကွက် စီမံကိန်းလမ်းရှိ မြေနေရာနှင့် အမှတ်(၈)ရပ်ကွက် ဒွါရာဝတီတံတားဦးခရိုင်အားကစားကွင်းရှိ မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးဝန်ထမ်းများ၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သံတွဲခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(ဌာနဆိုင်ရာ)များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လူဦးရေစာရင်းကောက်ယူပြီးစီးမှု၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်စွာ ပြုစုရေးဆိုင်ရာများ၊ PR စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပပေးမည့် အခြေအနေများနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေဆိုင်ရာများကို မှာကြားသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲအရာရှိတို့က လူဦးရေစာရင်းကောက်ယူပြီးစီးမှုနှင့် မဲစာရင်းပြုစုပြီးစီးမှု၊ ရုံးတည်ဆောက်ရေးအတွက် မြေနေရာရရှိမှု၊ ရုံးဆောက်လုပ်ပြီးစီးမှုနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲအရာရှိများက ရုံးလိုအပ်ချက်များ၊ ဝန်ထမ်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရခိုင်ပြည်နယ်တာဝန်ခံ)ဒေါ်နုမြဇံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သံတွဲခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်