မန္တလေး ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံကျောင်းများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့စွာ သင်ကြားနိုင်ရေးအတွက်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်ရန်အတွက်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သူနာပြုတက္ကသိုလ်၊ သူနာပြု/သားဖွားသင်တန်းကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူများအား ချစ်ခင်ရင်းနှီးမှုရရှိရန်၊ ဒေသန္တရဗဟုသုတများရရှိနိုင်ရန်၊ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများတွင် စိတ်ဓာတ်ခွန်အားမြင့်မားစေရန် ရည်ရွယ်ပြီး သင်တန်းသားများတွေ့ဆုံပွဲကို ယမန်နေ့က ရတနာပုံဥယျာဉ် ကျုံးအရှေ့မြောက်ထောင့်တွင် ကျင်းပသည်။
အဆိုပါ ဧည့်ခံပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကာ သင်တန်းသားများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး မန္တလေးမြို့မ တီးဝိုင်းအဖွဲ့ဖြင့် ကြိုဆိုဧည့်ခံကာ သင်တန်းသူများက တိုင်းရင်းသားရိုးရာအကများဖြင့် ပြန်လည်ဖျော်ဖြေကြသည်။
ယင်းနောက် ရတနာပုံဥယျာဉ်၊ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား၊ မဟာမုနိဘုရားကြီး၊ ဝေရောစနကျောက်စိမ်း စေတီတော်မြတ်ကြီး၊ တောင်သမန်အင်း ဦးပိန်တံတားသို့ ရောက်ရှိလေ့လာကြသည်။
ထို့နောက် မဟာအောင်မြေမြို့နယ် ရတနာပုံခန်းမတွင် ကျင်းပသည့် သူနာပြုတက္ကသိုလ်၊ သူနာပြု/သားဖွားသင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆုံစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ဦးတည်ချက်(၉)ရပ်တွင်ပါရှိသည့် လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သကဲ့သို့ သူနာပြု/သားဖွား အတတ်ပညာသည် လည်းလူသားအားလုံးအတွက် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ ပြုစုစောင့်ရှောက်ပေးသည့် အတတ်ပညာဖြစ်၍ မွန်မြတ်လှကြောင်း၊ အရည်အသွေးပြည့်ဝသည့် သူနာပြုကောင်းများ၊ သားဖွားဆရာမကောင်းများဖြစ်အောင် လေ့လာကြရမည်ဖြစ်ကြောင်း၊ သူနာပြုသားဖွားအတတ်ပညာများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် သူနာပြုနှင့် သားဖွားပညာရေးကို နိုင်ငံတော်မှပံ့ပိုးကူညီလျက်ရှိပြီး သူနာပြုပညာရေးတွင် သူနာပြုပါရဂူဘွဲ့အထိ လည်းကောင်းသင်ယူနိုင်မည်ဖြစ်ပြီး သားဖွားပညာရေးတွင် သားဖွားသိပ္ပံဘွဲ့ B.M.Sc ဘွဲ့ ဖွင့်လှစ်နိုင်အောင်အထိ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရသည့် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော သူနာပြုကောင်းများ၊ သားဖွားဆရာဝန်များဖြစ်အောင် အထူးကြိုးစားကြရန် မှာကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် သင်တန်းသားသင်တန်းသူ ၆၉၁ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကျောင်းများအလိုက် ကပြဖျော်ဖြေသည့်အဖွဲ့များအား ငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ရာ လေ့လာရေးခရီးစဉ်တစ်လျှောက် သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင် စားသောက်ရေးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်