နေပြည်တော် ဇွန် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် ဇနီးဒေါ်ခင်ဆွေဝင်း၊ ဒုတိယဝန်ကြီးဦးရဲတင့်နှင့် ဇနီးဒေါ်ဝင်းရီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖွင့်လှစ်
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး "စိန်ပွင့်ပမာ လင်းလက်ပါ" ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူငယ်ဆိုသည်မှာ အနာဂတ်၏ ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုရိုးစကားအတိုင်း နောင်တစ်ချိန်လူကြီးဖြစ်လာကြမည့်၊ နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ထူးချွန်သည့် ကျောင်းသား/ကျောင်းသူလူငယ်များအား အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားဖြစ်၍ ကျက်သရေမင်္ဂလာအပေါင်း ဝေဆာခညောင်းသည့် အခမ်းအနားဖြစ်ပါကြောင်း။
ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရမည်
လူငယ်များသည် အများအကျိုး၊ နိုင်ငံ့အကျိုးကို မည်ကဲ့သို့သယ်ပိုးဆောင်ရွက်မည်ဆိုသည့် စိတ်တည် ရှိနေရန်လိုအပ်ပါကြောင်း၊ ဘဝအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရမည်ဖြစ်ပြီး ထားရှိသည့်ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြစ်လာစေရန်၊ လမ်းကြောင်းမပျောက်စေရန် တစိုက်မတ်မတ်ကြိုးစားရမည်ဖြစ်ပါကြောင်း။
ပညာရေးကဏ္ဍကိုအလေးထား
နိုင်ငံတော်အနေဖြင့်လည်း ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးအကြီးဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်ကာ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများက ကိုယ်စီကြိုးပမ်းမှုများဖြင့် နိုင်ငံအတွက် အားကိုးအားထားပြုထိုက်သည့် လူငယ်များဖြစ်လာစေရန် ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများကို ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များကိုပေးအပ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မဖြူစင်သက်မှူး၊ ၄ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မဆုမြတ်သွင်နှင့် မဖြူစင်ထက်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးက ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ကိုယ်စားလှယ်များကိုပေးအပ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၃ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မဖူးပြည့်စိုးစံ၊ မဖြူသန့်ထွန်းနှင့် မောင်အောင်သော်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ ဇနီးဒေါ်ခင်ဆွေဝင်းက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၃ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မအေးသုခစံ၊ မတင့်တင့်မိုးဦးနှင့် မသဲဧကရီထွန်းတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး၏ဇနီးဒေါ်ဝင်းရီက ၃ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မအိသဉ္ဇာဦးနှင့် မဖြိုးအိမွန်၊ ၂ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မလှိုင်စံမိုးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂ ဘာသာ၊ ၁ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ကျေးဇူးတင်စကားပြောကြား
ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဂုဏ်ထူး ၆ ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မဖြူစင်သက်မှူးက ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများက “ကျောင်းတော်မှသည်ကောင်းကျိုးမျှော်ရည်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြ သည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ ကျောင်းသား/ကျောင်းသူ ၂၇၉၅ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်မှု ငွေကျပ် ၁၃,၉၉၉,၀၀၀ နှင့် ငွေကျပ် ၁၄,၃၈၀,၀၀၀ တန်ဖိုးရှိ ဗလာစာအုပ် ၃၅၉၅ ဒါဇင်ကိုလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀၂ ဦးအနက် ရိုးရိုးအောင်မြင်သူ ၅၇ ဦးအားတစ်ဦးလျှင် ကျပ်ငါးသောင်း၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်ခုနစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦးတို့အား ဂုဏ်ထူးတစ်ခုလျှင် တစ်ဘာသာတစ်သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၁၁၁၅၀၀၀၀ ကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး စုစုပေါင်းထောက်ပံ့ချီးမြှင့်ငွေကျပ် ၃၉,၅၂၉,၀၀၀ ဖြစ်ကြောင်းသိရသည်။
စိန်ရတုပြတိုက် ကြည့်ရှုလေ့လာ
မွန်းလွဲပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများသည် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က လေ့လာရေးအဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လေ့လာရေးအဖွဲ့များသည် ပင်မအဆောက်အဦအတွင်းရှိ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများကို ကြည့်ရှုလေ့လာကြသည်။
စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသ
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက်ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများအား ကြည့်ရှုလေ့လာကြသည်။
သတင်းစဉ်