Skip to main content

ရာသီဥတုအခြေအနေအရ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၀

ရာသီဥတုအခြေအနေအရ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေး စီမံခန့်ခွဲမှုဆောင်ရွက်ရာ၌ ကြိုတင်ပြင်ဆင်မှုအဓိကအရေးကြီးကြောင်း၊ ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိအခြေအနေအရ မြစ်ရေအခြေအနေများကိုကြည့်ပါက မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့များတွင် စိုးရိမ်ရေအမှတ်များသို့ နီးကပ်နေသည်ကိုတွေ့ရှိရကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စိုးရိမ်ရေအမှတ်များသို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံဘက်တွင်လည်း ရေကြီးမှုများဖြစ်ပေါ်နေသည်ကို တွေ့ရသဖြင့် ယခုနှစ်မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွေ့ရပါကြောင်း။

ရေကြီးရေလျှံမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်တတ်သည့် အန္တရာယ်များဖြစ်ပေါ်နိုင်မှုကိုလည်း အလေးထားဆောင်ရွက်ထားရန်လိုကြောင်း၊ ယခင်အတွေ့အကြုံများ၊ စီမံချက်များလည်း ရှိပြီးဖြစ်သဖြင့် စီမံချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့လည်း တင်ပြဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများအနေဖြင့် မိမိလက်အောက်ရှိ ခရိုင်၊ မြို့နယ်ရုံးများကိုလည်း ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန် ဆောင်ရွက်မှုတို့အတွက် အဆင်သင့်ဖြစ်နေစေရေး နှိုးဆော်၊ ကြီးကြပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို Check List များဖြင့် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ယခုကာလတွင် သာမန်အချိန်ထက် ပိုမိုဂရုပြု ဆောင်ရွက်ထားကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ ဌာနကြီးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ဆွေးနွးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုများဖြစ်ပေါ်ပြီး အနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ရာ ယနေ့အခြေအနေအရ ရွှေကူမြို့တွင် အိမ်ထောင်စု (၁၆)စု၊ လူဦးရေ(၆၉)ဦး၊ ဗန်းမော်မြို့တွင် အိမ်ထောင်စု(၂၆၉)စု၊ လူဦးရေ(၁၀၂၂)ဦး၊ မြစ်ကြီးနားမြို့တွင် အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၈၉)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၃၀၂)စု၊ လူဦးရေ (၁၁၈၀) တို့ကို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံး စသည့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တရွှေ့ပြောင်းထားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)