Skip to main content

တရားမဝင် ကျွန်းသစ်၊ အထည်အလိပ်များ၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် စက်လှေဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌အဖွဲ့စုံဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၆၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၁၈ ရက်တွင် ကချင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကဗန်းမော် မြို့နယ်မံမလင်းကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဗန်းမော်မြို့နယ် မံမလင်းကျေးရွာအနောက်သုံးမိုင်ခန့်အကွာ မိုးစိမ်းကျွန်းအနီး ကိုင်းပင်များကြား၌ သစ်သားစက်လှေတစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀)နှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)အားဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းခွဲသား (၅ ဒသမ ၅၁၄၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၃၉,၅၀၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု၊(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၅၀၅,၅၀၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်