တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးဆုံးအရေးကိစ္စဖြစ်သည်။ တရားဥပဒေစိုးမိုးမှသာ ပြည်သူပြည်သားများ စိတ်နှလုံးအေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ကြမည်ဖြစ်သည်။ တိုင်းသူပြည်သားများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အစိုးရသည် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ကြသည်။ တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက်ကျူးလွန်မှုများကို ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်များချမှတ်၍ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ကြသည်။
မကြာသေးမီကာလက အမေရိကန်ပြည်ထောင်စု မြို့ကြီးအချို့တွင် အပြစ်မဲ့ပြည်သူ၊ ကျောင်းသား၊ ကျောင်းသူလေးများအား လက်နက်ကိုင်အကြမ်းဖက်သမားက ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို တရားဥပဒေစိုးမိုးရေးကိုထိပါးလာသော လုပ်ရပ်များကို ထိထိရောက်ရောက် ရှင်းလင်းဖယ်ရှားအရေးယူဆောင်ရွက်ကြသည်။ မြို့ရွာတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဖန်တီးလာသောအကြမ်းဖက်သမားများအား ထိရောက်စွာရှင်းလင်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူကြသည်။ အများပြည်သူစိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ထိပါးလာသည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို အားလုံးမြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ရာ ငြိမ်းချမ်းစွာဆန္ဒပြမှု၊ ဆူပူဆန္ဒပြမှုတို့မှတစ်ဆင့် မတ်လ ၃ ရက်နေ့မှစတင်၍ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်လာကြရာ အပြစ်မဲ့ပြည်သူများနှင့် နေအိမ်အဆောက်အအုံများ အမြောက်အမြားဆုံးရှုံးခဲ့ရသည်။ မတ်လ ၃ ရက်နေ့မှ လက်ရှိကာလအထိ PDF အကြမ်းဖက်သမားများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း၁၁၀၀ ကျော်ရှိခဲ့သည်။ ပြစ်မှုကျူးလွန်သော အကြမ်းဖက်သမားများအား ယခုဇွန်လ ၁၅ ရက် နေ့အထိ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၇၀၀ ကျော်ရှိခဲ့သည်။
အကြမ်းဖက်သမားများအား ရှင်းလင်းဖယ်ရှား အရေးယူဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့ထံမှ ပစ္စတိုသေနတ် ၃၀၁ လက်၊ မောင်းပြန်သေနတ်မျိုးစုံ ၇၀၇ လက်၊ တူမီးသေနတ် ၆၇၂ လက်၊ လက်လုပ်သေနတ် ၁၈၇၀၊ လက်လုပ်စိန်ပြောင်းမျိုးစုံ ၆၅၃ လက် စုစုပေါင်းလက်နက်မျိုးစုံ ၄၂၀၃ လက် ဖမ်းဆီးရမိခဲ့သည်။တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်အတွက် ဤမျှများသောလက်နက်များဖြင့် အကြမ်းဖက်လမ်းစဉ်ကို ကြိုတင်ဖန်တီးခဲ့သည့် နိုင်ငံရေးရည်ရွယ်ချက်ကို အထင်အရှားမြင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ပြည်တွင်းပြည်ပအတွင်း အပြင်ညှပ်၍ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။
အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက်သမားများအား နှိမ်နင်းဆောင်ရွက်မှုများတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရမှုများ အများအပြားရှိခဲ့သည်။ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများသာမက ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၊ ကိုရင်နှင့် သီလရှင်များပါမကျန် အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ သာသနာ့နွယ်ဝင်များအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် အထူးတရားရုံးများဖွဲ့စည်း၍ အမြင့်ဆုံးပြစ်ဒဏ်များချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများပေါ်ပေါက်လာခြင်းသည် အစွန်းရောက်နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မြှောက်ပင့် ထောက်ပံ့ပေးမှုကြောင့် ဖြစ်ပေါ်လာခဲ့သည်။ အကြမ်းဖက်မှုများကျူးလွန်နိုင်ရန်အတွက် ဖမ်းဆီးရမိသော လက်နက်အထောက်အထားများအရ မောင်းပြန်လက်နက်အများစုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ထံမှ ရရှိခဲ့သည်ကိုတွေ့ရပြီး အချို့လက်နက်များမှာ လက်လုပ်လက်နက်များနှင့် ပြည်ပနိုင်ငံအချို့မှ တင်သွင်းထားသည့် လက်နက်များဖြစ်သည်ကို တွေ့ရသည်။ ယခုအခါတွင် အကြမ်းဖက်သမားများကို လျော့နည်းပပျောက်သွားသည်အထိ ထိရောက်စွာနှိမ်နင်းလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင်ပြုလုပ်နေသည့် အကြမ်းဖက်သမားများအား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ ရှင်းလင်းဖယ်ရှားအရေးယူ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် အကြမ်းဖက်သမားအချို့နှင့် နောက်ကွယ်မှကြိုးကိုင်သူ အဖျက်သမားအချို့က မြို့ရွာအချို့တွင် အဖျက်လုပ်ရပ်များကို အလစ်အငိုက်ကျူးလွန်မှုများရှိနေသဖြင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ လုံးဝချုပ်ငြိမ်းသွားရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်