နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အုပ်ချုပ်ရေးကောင်းမွန်မှုက အဓိကကျသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအနှေးဆုံး နိုင်ငံစာရင်းပေါက်နေသည့်အခြေအနေမှ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာအောင် ထူထောင်တည်ဆောက်ကြရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေး(Good Governance)မှာ အထူးလိုအပ်သည်။ ဤတွင် အုပ်ချုပ်ရေးဟူသည် အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သောစီမံကွပ်ကဲမှုဖြစ်ပေါ်လာစေရန် ပြုပြင်ပုံဖော်ထားသည့် လုပ်ငန်းစဉ်ပင်ဖြစ်ရာ နိုင်ငံကောင်းရန်အတွက် ကောင်းသောအုပ်ချုပ်ရေးကို ထူထောင်ကြရစမြဲဖြစ်သည်။
လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အလို့ငှာ ကောင်းမွန်သောအုပ်ချုပ်ရေးကိုထူထောင်ရာတွင် အရည်အသွေးကင်းမဲ့သော၊ ယိုယွင်းညံ့ဖျင်းနေသောအဖွဲ့အစည်းများသာရှိခြင်း၊ လူထုပူးပေါင်းပါဝင်မှုနှင့် ဒီမိုကရေစီနည်းကျဆောင်ရွက်မှုတို့မရှိခြင်း၊ လူမှုအဖွဲ့အစည်းအရင်းအမြစ်များမရှိခြင်း၊ အကျင့်စာရိတ္တပျက်စီးကာ လာဘ်ပေးလာဘ်ယူမှုများရှိနေခြင်း စသည့် စိန်ခေါ်မှုများမှာ ကောင်းမွန်သောအုပ်ချုပ်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်။
အကျင့်စာရိတ္တပျက်စီးခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ အဂတိလိုက်စားခြင်းတို့မှာ လူအများသိနားလည်ထားသည်ထက်များစွာပို၍ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဆိုးရွားစွာထိခိုက်ဆုံးရှုံးစေသည်။ နယ်ပယ်စုံကဏ္ဍစုံကိုပျက်စီးစေသည်။ လူတို့၏အတွေးအခေါ်များကို မှားယွင်းစေသည်။ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို လျော့ပါးစေသည်။ ဆင်းရဲနွမ်းပါးမှုတိုးစေပြီး လူ့အခွင့်အရေးကို လျော့ပါးစေသည်။ စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို ယိုယွင်းစေသည်။ အလွန်အကျွံမညီမျှမှုများဖြစ်ပွားစေပြီး အစိုးရအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုကိုပျက်စီးစေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများကိုလည်း လျော့ကျစေသည်ဟုဆိုရာ မည်မျှကျယ်ပြန့်နက်ရှိုင်းကြောင်းကို တွေ့မြင်နိုင်သည်။
မိမိတို့နိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းလာစေရန်အတွက် ဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုပြဋ္ဌာန်း၍ ၂၀၁၄ ခုနှစ်တွင် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျင့်စာရိတ္တပျက်ပြားပြီး အဂတိလိုက်စားမှုများ အမြစ်တွယ်နေဆဲဖြစ်ရာ လူမြင်ကွင်းမှသည် မမြင်ကွယ်ရာနေရာများအထိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။ လက်ဖက်ရည်ဖိုး၊ ကွမ်းယာဖိုးမှသည် သိန်းထောင်ပေါင်းများစွာအထိ ပမာဏအားဖြင့်လည်း ကြီးမားနေဆဲဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် အဓိကအနှောင့်အယှက် အဟန့်အတားတစ်ခုဖြစ်သော အဂတိလိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ပြည်သူအပေါင်းကလည်း ပါဝင်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်