နေပြည်တော် ဇွန် ၁၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေတို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏သမ္မတအကြံပေးနှင့် (၂၅)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်ကျင်းပရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ Mr. Anton Kobyakov ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ဇွန် ၁၅ ရက်မှ ၁၈ ရက် အထိကျင်းပသည့် (၂၅)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။
ဖိုရမ်မတိုင်မီ ဇွန် ၁၄ ရက် မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် ကိုယ်စားလှယ်အဖွဲ့သည် Sigma LLC Co., Ltd. မှ Deputy Director General for Foreign Economic Relations ဖြစ်သူ Mr. Rodionov Nikita အားလက်ခံတွေ့ဆုံ၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနှင့် ရေနံချက်စက်ရုံတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်၏ပထမနေ့ဖြစ်သည့် ဇွန် ၁၅ ရက်မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စွမ်းအင်ကုမ္ပဏီဖြစ်သော Sigma LLC Co., Ltd. မှ တာဝန်ရှိသူ များအားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အခွင့်အလမ်းများနှင့်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ Baltic Shipyard သို့ သွားရောက်လေ့လာခဲ့ရာ Civil Shipbuilding Markets Development, United Shipbuilding Corporation မှ Deputy General Director ဖြစ်သူ Mr. David Adamiya က တည်ဆောက်အသုံးပြုနေသော ရေခဲခွဲသင်္ဘောများ၊ ရေပေါ်ဓာတ်အားပေးစက်ရုံများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး Shipyard အတွင်း သင်္ဘောများတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာပွင့်ဆန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့်အတူ ဥရောပအာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H. E. Mr. Sergei Glazyev မှတည်ခင်းသည့် အလုပ်သဘောညစာစားပွဲသို့ တက်ရောက်၍ နှစ်နိုင်ငံဘဏ်လုပ်ငန်းနှင့် ငွေပေးငွေယူကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Cooperation) လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားလက် တွေ့လုပ်ငန်းစဉ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ၊ အာဆီယံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်အကြား ပေါင်းစပ်ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့အကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ရေးထိုးနိုင် ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးသည်။
ဖိုရမ်ဒုတိယနေ့ဖြစ်သည့် ဇွန် ၁၆ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီးအေအီးယူ-အာဆီယံ (EAEU-ASEAN) ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဆွေးနွေးပြောကြားသူအဖြစ် ပါဝင်တက်ရောက်ကာ အီးအေအီးယူနှင့် အာဆီယံတို့အကြား သိပ္ပံနှင့်နည်းပညာနှင့်စက်မှုပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်အသုံးပြုမှု တွင် ကာဗွန်လျှော့ချရေးနည်းလမ်းများ ပြောင်းလဲအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစီမံချက်များ ပူးပေါင်းအကောင်အထည်ဖော်ရေး၊ ဒီဂျစ်တယ်လုပ်ငန်းစဉ်အကောင် အထည်ဖော်ရေးနှင့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံထူ ထောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H. E. Mr. Maksim Reshetnikov နှင့်တွေ့ဆုံ၍ ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် ရေးပူးတွဲကော်မရှင် တတိယအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး၊ ရုရှား-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (မူကြမ်း) လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စက်မှုဇုန်များထူထောင်၍ လာရောက်လုပ်ကိုင်ရေးတို့နှင့်စပ်လျဉ်း၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်ကိုယ်စားလှယ်အဖွဲ့သည် ROSATOM State Nuclear Energy Corporation ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Alexey Likhachev အား လက်ခံတွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာအသုံးပြု၍ စက်ပစ္စည်းများထုတ်လုပ်ဆောင်ရွက်မှုအခြေအနေ၊ နျူကလီးယားစွမ်းအင်အသုံးပြုမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်ကိစ္စများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မှုအခြေအနေကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SOV COM Bank မှ Managing Director နှင့် Head of Structured Finance and Financial Solution ဖြစ်သူ Ms. Olga Ermachenleo နှင့်တွေ့ဆုံ၍ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov ကတည်ခင်းသည့် အလုပ်သဘောညစာစားပွဲသို့တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် မြန်မာ-ရုရှား ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ဖိုရမ်၏ တတိယနေ့ဖြစ်သည့် ဇွန်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးတက်ဆောင်ရွက်နိုင်ရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများ လွယ်ကူချောမွေ့စေရေး၊ နိုင်ငံတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထွက်ရှိရန်နှင့် ပြည်ပသို့တိုးချဲ့တင်ပို့နိုင်ရန်အတွက် နည်းပညာဆိုင်ရာပံ့ပိုးကူညီနိုင်ရေး၊ စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေး၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ကူညီပံ့ပိုးရေး၊ ဆီချောစက်ရုံများ၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရာဘာစက်ရုံများတည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံလေကြောင်းလိုင်းပြေးဆွဲရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ စက်သုံးဆီသိုလှောင်ကန်နှင့် အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဆိုင်ရာသတင်းအချက်အလက်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းစာအုပ်စာစောင်များကိုပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတွင်လက်ခံကျင်းပမည့် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် တတိယအကြိမ်အစည်းအဝေးတွင် ရုရှား-အာဆီယံစီးပွားရေးကောင်စီမှလည်းပါဝင် တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည်မြန်မာ သံအမတ်ကြီးဦးလွင်ဦးနှင့်အတူ ဖိုရမ်တတိယနေ့၊ နံနက်ပိုင်းတွင် Park Inn by Radisson Pulkovskaya ၌ကျင်းပပြုလုပ်သော INTER RAO-Export LLC နှင့် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနတို့အကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။ ယင်းလက်မှတ်ရေးထိုးပွဲ တွင် INTER RAO-Export LLC ၏ General Director ဖြစ်သူ Mr. Maxim E. Sergeev က ကုမ္ပဏီအနေဖြင့် နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းတင်သွင်းမှု၊ တည်ဆောက်မှုလုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်စီမံကိန်းများပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့်စွမ်းအင်ဝန်ကြီးဖြစ်သူ H.E. Mr. SHULGINOV Nikolay ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. SOROKIN Pavel လည်း ပါဝင်တက်ရောက်ခဲ့ပြီး Mr. SHULGINOV Nikolay က ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများ၌ ရုရှားကုမ္ပဏီများ ပါဝင်ဆောင်ရွက်နေမှုများနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံအတွက် စက်သုံးဆီနှင့်လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကိုရှင်းလင်းပြောကြား၍ ရုရှားနိုင်ငံနှင့်ရေရှည်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ပူးပေါင်းလုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ လက်တွေ့လုပ်ငန်းဆောင်ရွက်ရန် သဘောတူဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ဖိုရမ်၏စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါစုံညီအစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတမစ္စတာပလာဒီမာပူတင်တက်ရောက်၍ ကမ္ဘာ့စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနိုင်ငံ၏ စီမံဆောင်ရွက်နေမှုများ၊ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားစီးပွားရေးအခြေအနေ၊ စီမံကိန်းများအတွက် ငွေကြေးထုတ်ချေးမည့်ကိစ္စရပ်များ၊ စီးပွားရေးပိတ်ဆို့မှုများ၊ မေခရိုစီးပွားရေးတည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှုများ၊ စိန်ခေါ်မှုများမှ အခွင့်အလမ်းသို့ ပြောင်းလဲဆောင်ရွက်မှုများ၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုလုံခြုံစိတ်ချရေး၊ ခေတ်သစ်ပုံစံဖြင့် ဈေးကွက်ဖွင့်လှစ်ဆောင်ရွက်ရေး၊ နိုင်ငံအဆင့်အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုတိုးမြှင့်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ထည့်သွင်းပြောကြားသည်။
ဖိုရမ်ကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေသည် Bank of Russia မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Ms. Olga Skorobogatova နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် Bank of Russia တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (Bilateral Cooperation MoU) ရေးထိုးရန်ကိစ္စရပ်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ထို့နောက် ရုရှားနိုင်ငံ၏ National Payment Card Systemကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသော MIR မှ CEO ဖြစ်သူ Mr. Vladimir Komlev နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံကြား ခရီးသွားကဏ္ဍတွင် ဒေသတွင်းနှစ်နိုင်ငံငွေကြေးသုံးစွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ဆွေးနွေးသည်။
ဖိုရမ်၏ စတုတ္ထနေ့ဖြစ်သည့် ဇွန်လ ၁၈ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၌ပြသထားသည့်ပြခန်းများကိုလေ့လာ၍ စီးပွားရေးဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးသည်။
စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သည် နိုင်ငံတကာဦးဆောင်အဖွဲ့အစည်းအဖြစ် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့်ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုကိုရရှိစေရေးအတွက် လက်တွေ့ဆောင်ရွက်နေမှုများကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးသည့်ဖိုရမ်တစ်ခုဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ရာ ၂၀၀၅ ခုနှစ်မှစတင်၍ ရုရှားဖက်ဒရေးရှင်းသမ္မတ၏ ကြီးကြပ်မှုအောက်တွင် ကျင်းပခဲ့ပြီး၊ ရုရှားဖက်ဒရေးရှင်းသမ္မတသည် ဖိုရမ်သို့ နှစ်စဉ်တက်ရောက်ခဲ့သည်။ ဖိုရမ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ထွန်းသစ်စနိုင်ငံများ၏ ကမ္ဘာ့စီးပွားရေးဈေးကွက်များ၌ကြုံတွေ့ရသည့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်များနှင့် စိန်ခေါ်မှုများကို စီးပွားရေးအဖွဲ့အစည်းများအကြား ဆွေးနွေးနိုင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ရောက်ရှိသည်။
ယခုကျင်းပသောဖိုရမ်သို့ ကာဇက်စတန်နိုင်ငံ၊ သမ္မတကကိုယ်တိုင်တက်ရောက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့် အီဂျစ်နိုင်ငံသမ္မတတို့က onlineမှတစ်ဆင့် ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံ ၄၃ နိုင်ငံမှ ဝန်ကြီးများ၊ ၈၄ နိုင်ငံမှ သံတမန်အကြီးအကဲများနှင့် နိုင်ငံနှင့်အုပ်ချုပ်မှုဒေသပေါင်း ၁၄၀ ကျော်တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြောင်း သိရသည်။
(သတင်းစဉ်)