Skip to main content

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ဝန်ကြီးဌာန၏(၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၁၉

ဇွန်(၁၅)ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက်(၅)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များသည် ပျဉ်းမနားမြို့မှ ပင့်သံဃာဆရာတော်(၉)ပါးအား အာရုံဆွမ်းဆပ်ကပ်ကြပြီးနောက် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းဆရာတော် အဂ္ဂမဟာပဏိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာကြားပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ပါဠိတက္ကသိုလ်ကျောင်းဆရာတော်ထံမှာ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

နံနက်(၉)နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် လက်ရှိဦးစီးဌာနများအနေဖြင့် ယခင်ကတည်းက အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းဖြစ်တည်ခဲ့ရာမှ ၁၉၉၅ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် ဝန်ကြီးဌာန တစ်ခုသီးသန့်အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့်အတွက် ယခုဌာနဖြစ်တည်မှုမှာ ၂၇ နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန် (၃) ရပ်ချမှတ်ကာ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် လုပ်နည်းလုပ်ဟန်များ ပိုမိုထိရောက်မှန်ကန်မြန်ဆန်စေ‌ရေးအတွက် ခေတ်မီနည်းပညာစက် ကိရိယာများ အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိဌာနလုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားများ ဝင်/ထွက် သွားလာမှုနှင့် ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ရေးလုပ်ငန်းများ၊ နိုင်ငံအတွင်းရှိ နိုင်ငံသားများ အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ဆောင်ရွက်ထုတ်ပေးခြင်းလုပ်ငန်း များ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မူဝါဒများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုမည့် လူဦးရေကိန်းဂဏန်းအချက်အလက်များရရှိရေးအတွက် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအားလုံးက ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်ပါကြောင်း၊ ခေတ်နှင့်အညီဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်ပြီး ဆက်ဆံရေးပြေပြစ်‌ကောင်းမွန်ရန်လည်းလိုအပ်ပါကြောင်း၊ နိုင်ငံနှင့်ဌာနအပေါ်သစ္စာစောင့်သိကြပြီး အစဉ်အလာကောင်းများနှင့်ဖြစ်တည်လာခဲ့သည့် ဝန်ကြီးဌာန၏နှစ်ပတ်လည်နေ့မှသည် အနာဂတ်ရှေ့လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှုအားနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်လင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များသည် ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနမှ နိုင်ငံတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူး တံဆိပ်ရရှိကြသူများ၊ သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိကြသူများ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ ကြသည့်ဝန်ထမ်းမိသားစုများ၏ သားသမီးများကိုလည်းကောင်း၊ ဝန်ထမ်းမိသားစုဝင်များ၏ ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများကို ကိုယ်စားလှယ်များထံသို့လည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဝန်ကြီးဌာန၏ ပညာ‌ရေးဖောင်ဒေးရှင်းရန်ပုံငွေတည်ထောင်မှု မတည်ရန်ပုံငွေ ကျပ်သိန်း (၅၀)ကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ပေးအပ်လှူဒါန်းကြရာ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က လက်ခံရယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များကို ဝန်ထမ်းများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

(သတင်းစဉ်)