Skip to main content

ပညာသည် လောက၏အလင်းရောင်

ပညာသည် လောက၏ အလင်းရောင် မီးရှူးတန်ဆောင်၊ ပညာဖြင့် လောကအမှောင်ကိုခွင်း၍ ထွန်းလင်းတောက်ပအောင် ဆောင်ကြဉ်းနိုင်ပေသည်။ ပညာပြည့်ဝနှလုံးလှ၍ လောကကောင်းကျိုးကို သယ်ပိုးနိုင်သည်။ အသိဉာဏ်ပညာဖြင့် အရာရာကို ဆင်ခြင်တုံတရား ပိုင်းခြား ဝေဖန်ဆန်းစစ်နိုင်ရာ မိမိအကျိုး၊ လောကကောင်းကျိုး ဖြစ်ထွန်းစေသည်။ ထို့ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝမှ လူလားမြောက်သည်အထိ ပညာသင်ကြား ကြိုးစားကြပြီး အမျိုးကောင်းသားများ ဖြစ်မြောက်လာအောင် အားထုတ်ကြသည်။

ငယ်စဉ်အခါ ပညာရှာ၍ ကြီးသောအခါ ဥစ္စာရှာပြီး တင့်တယ်သောဘဝတစ်ခု ဖြစ်လာအောင် ကြိုးစားကြသည်။ ကောင်းမွန်သောဘဝတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် အဓိကအချက်မှာ သင်ကြားခဲ့သောပညာကို အခြေခံ၍ စဉ်းစားဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်သည်။ ကလေးသူငယ်၊ လူငယ်လူရွယ်များ ပညာသင်ကြားနိုင်ရေးအတွက် အစိုးရတို့သည် စီမံဆောင်ရွက် ထောက်ပံ့ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်၌ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေးကို မဖြစ်မနေဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များမှာ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့ သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ပညာသင်ကြားမှု အခွင့်အလမ်း ဆုံးရှုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက် လာသဖြင့် ကျောင်းများအားလုံး ပြန်လည် ပိတ်ခဲ့ရသည်။ ၂၀၂၂ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း သိသာစွာကျဆင်းသွားသဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံးကို ဖွင့်လှစ်ပေးခဲ့ သည့်အပြင် အဆင့်မြင့်ပညာကျောင်းများလည်း ဖွင့်လှစ်ပေးနိုင်သဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းများ ပြန်လည်ရရှိလာသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူများ တိုးတက်များပြားလာပြီး ကျောင်းများစတင်ဖွင့်လှစ်ပြီးချိန်အထိ ကျောင်းသား ကျောင်းသူ ၆ ဒသမ ၇ သန်းခန့် ကျောင်းအပ်နှံခဲ့ပြီး ၆ ဒသမ ၃ သန်းခန့် ပညာသင်ကြားနေကြပြီဖြစ်၍ ၉၄ ဒသမ ၁ ရာခိုင်နှုန်း ပညာသင်ကြားမှု အခွင့်အလမ်းများကို ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပညာသင်ကြားမှုကို လေ့လာကြည့်လျှင် ကျောင်းသားမိဘများတွင် အကြောင်းအမျိုးမျိုးဖြင့် အားနည်းချက်များ ရှိနေသည်ကို တွေ့ရသည်။ အချို့ပညာမသင်နိုင်သည့် ကလေးများရှိပြီး အချို့မှာ ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိဘဲ အဟောသိကံဖြစ်သွားကြသည်ကို တွေ့ရသည်။

တန်းစဉ်ကူးပြောင်းသင်ကြားမှုကို စေ့ငုကြည့်လျှင် အခြေခံပညာ သင်ကြားခဲ့သူများအနက် သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားခဲ့ကြသူများမှာ ၆၀ ရာခိုင်နှုန်းခန့်သာရှိပြီး အလယ်တန်းပညာ ပြီးဆုံးသည်အထိ သင်ကြားနိုင်ခဲ့သူ များမှာ ၅၀ ရာခိုင်နှုန်းသာရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးကို အားပေးမြှင့်တင်ပေးပြီး ကျောင်းနေအရွယ် ကလေးငယ်တိုင်း မဖြစ်မနေကျောင်းနေနိုင်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိသည်။ ပညာတတ်မြောက်ရေးတွင် ဆရာ ဆရာမများသည် ပဲ့ကိုင်ရှင်များ ဖြစ်၍ အရေအတွက်နှင့် အရည်အသွေးမြင့်မားအောင် မြှင့်တင်ပေးလျက် ရှိသည်။ နိုင်ငံတော် အစိုးရက ဆရာ ဆရာမများကို သက်ဆိုင်ရာဘွဲ့အလိုက် ခံစားခွင့်များပေးလျက် ရှိသကဲ့သို့ ကျောင်းအုပ်ချုပ်ရေးတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်အားလုံးအား လစာ၏ ၁၀ ရာခိုင်နှုန်းကို ခံစားခွင့်ပေးထားသည်။

နိုင်ငံတော်က ပညာရေးကို အားပေးမြှင့်တင်ပေးပြီး နိုင်ငံတော်နှင့် ပြည်သူ များ၏ အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိနေချိန်တွင် အစွန်းရောက်နိုင်ငံရေး သမားများ၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် အကြမ်းဖက်အဖျက်သမားများက ဆရာ ဆရာမ၊ ကျောင်းအုပ်ချုပ်သူများနှင့် စာသင်ကျောင်းများကို နှောင့်ယှက်ဖျက်ဆီးနေသည်ကို တွေ့ရမည် ဖြစ်သည်။ တိုင်းပြည်နှင့် လူငယ်လူရွယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေကြသည့် အကြမ်းဖက် သမားများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပညာသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏ မီးရှူးတန်ဆောင် အလင်း ရောင်ဖြစ်သည်။ ပညာဖြင့် မိမိတို့ဘဝနှင့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်၍ တိုးတက်ဖြစ်ထွန်းလာသော ပညာရေးကို ဆက်လက်မြှင့်တင်အားပေးပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူပြီးမြောက် နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။