Skip to main content

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇွန် ၁၈

၂၀၂၂ ခုနှစ်​ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အခမ်းအနား ၄ ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) မှာ နိုင်ငံတော် အလံတိုင် တစ်ဝက်လွှင့်ထူခြင်း အခမ်းအနား၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပမည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည့် အခမ်းအနားတို့ ဖြစ်ပါကြောင်း။

ယခုနှစ်တွင် ရန်ကုန်မြို့နှင့် နတ်မောက်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်များကို အများပြည်သူများ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ပြသသွားရန် ဖြစ်ပါကြောင်း၊ ထို့အပြင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှိ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမကိုလည်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီ များနှင့် NGO အဖွဲ့အစည်းများအား အလေးထား ဖိတ်ကြားရေး၊ အခမ်းအနား တက်ရောက်မည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ စနစ်တကျ လွမ်းသူ့ပန်းခွေချ ဂါရဝပြု အလေးပြုနိုင်ရန် ဆောင်ရွက်ရေး၊ အခမ်းအနားများအတွက် လုံခြုံရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အစီအစဉ်များ၊ အာဇာနည်နေ့ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် မှားယွင်းမှု မရှိစေရေး ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိရန် မှာကြားသည်။

ထို့နောက် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌကိုယ်စား အမှတ်() လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ဝင်းမင်းသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်စောဝင်း၊ လုပ်ငန်းကျင်းပရေး ကော်မတီအတွင်းရေးမှူး မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ဖြည့်စွက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဇာနည်နေ့အခမ်းအနားများ ကျင်းပ ပြုလုပ်မည့် မြို့တော်ခန်းမ၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်နှင့် အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်