နေပြည်တော် ဇွန် ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ် (၅၀၆) ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြ၊ ရေသန့်၊ လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းအတွက် ဘဏ္ဍာငွေရရှိမှု၊ အိမ်ရာ စီမံကိန်းရေရရှိရေး၊ လျှပ်စစ်ရရှိရေးနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း နာယကနှင့်ဥက္ကဋ္ဌ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း Board Of Director နှင့် တာဝန်ရှိသူများက အိမ်ရာစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ လုပ်ငန်း လိုအပ်ချက်အရ Infrastructure လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေနှင့် ဘဏ္ဍာငွေကြေး ဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဝင်ငွေနည်း ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
ယခု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အဆောက်အဦ (၁၈၈) လုံး၊ အခန်း (၃၀၀၈) ခန်းအနက် ပထမအဆင့်အနေဖြင့် အဆောက်အဦ (၉၁)လုံး၊ အခန်းပေါင်း (၁၄၅၆) ခန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို လာရောက်ကြည့်ရှု စစ်ဆေးခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေ၊ မီး ရရှိရေး ဦးစားပေးဆောင်ရွက်ရန်နှင့် အိမ်ရာစီမံကိန်းအတွင်း အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန် ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အိမ်ရာ စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး တည်ဆောက်ပြီး အိမ်ရာစီမံကိန်းများနှင့် ဆက်လက် ဆောင်ရွက်နေသည့် အိမ်ရာ စီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းရှိ အခန်း(၁)ခန်းလျှင် ဧည့်ခန်း၊ အိပ်ခန်း (၂) ခန်း၊ ချက်ပြုတ်ခန်းပါသည့် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦ (၁၈၈)လုံး၊ အခန်း (၃၀၀၈) ခန်း အနက် Phase (1) အနေဖြင့် အဆောက်အဦ(၉၁)လုံး၊ အခန်းပေါင်း (၁၄၅၆)ခန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆောက်အဦ (၉၁) လုံးအတွက် ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်