နေပြည်တော် ဇွန် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအနီး၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများက ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ရွှေဝါငါးသားပေါက် စုစုပေါင်း ကောင်ရေ (၂) သိန်းကို ငါးမျိုး စိုက်ထည့် ပေးကြသည်။
ထို့နောက် ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ အခမ်းအနား တက်ရောက် လာကြသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်ရှိသည့် ကမ္ဘာ့လူသားများအတွက် လိုအပ်နေသော စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ မြို့ပြများတိုးချဲ့လာမှု၊ သဘာဝအရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် ယိုယွင်းလာလျက်ရှိသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်အားဖြည့် ထိန်းသိမ်းရန် လူသားအားလုံး၌ တာဝန်ရှိ နေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်လည်း နိုင်ငံ အေးချမ်းသာယာပြီး စားရေရိက္ခာများ ဝဝလင်လင် စားသုံးနိုင်ရေးနှင့် ပြည်သူများ စိတ်ချမ်း ချမ်းသာသာနေနိုင်သော ပတ်ဝန်းကျင်ဖြစ်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ သစ်တောသစ်ပင်များ ပြန်လည်တိုးပွားလာရေး အတွက် နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပွဲများကို ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ကားလမ်းဘေး ဝဲယာများတွင် သစ်ပင်များ စိုက်ပျိုးသွားနိုင်ရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ သဘာဝမြစ်ချောင်းများတွင် ငါးသယံဇာတ အရင်းအမြစ်များ တိုးပွားလာရေးအတွက် ငါးမျိုးစိုက်ထည့်ပေးခြင်းကို နှစ်စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သဘာဝဂေဟစနစ် ထိခိုက်မှုကိုလျှော့ချနိုင်မည့် နည်းပညာများ အသုံးပြု လုပ်ဆောင်နိုင်ရေး၊ အသိပညာပေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေးကိုလည်း သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်ကောင်စီနယ်မြေ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပေါင်းလောင်းရေလှောင်တမံ အနီးရှိ သတ်မှတ် နေရာများတွင် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယမနေ စသည့် နှစ်ရှည်ပင် (၁၀၀၀) ကို စိုက်ပျိုးခဲ့ကြသည်။
ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်အားဖြည့် ထိန်းသိမ်းရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နှစ်စဉ်မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများကို ကျင်းပရာ ယမန်နှစ်က လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံ အနီးတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင်ကျွန်း၊ မဟော်ဂနီ၊ ပိတောက်နှင့် တမလန်း စသည့် နှစ်ရှည်ပင် (၁၀၀၀) တွင် ၉၈ ရာခိုင်နှုန်းကျော်မှာ ရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်