နေပြည်တော် ဇွန် ၁၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဧည့်သည်များ လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတစ်ဆင့် နိုင်ငံပေါင်း (၃၀) ကျော်မှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လည်ပတ် သွားလာနေကြပြီဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၉ နာရီတွင် ဝန်ကြီးဌာနရှိကျောက်စိမ်းခန်းမ၌ ကျင်းပသော Golden TMH ကုမ္ပဏီ က ရေးဆွဲထားသည့် Health and Security Screening for Travelers အတွက် Travel Safe Application စီမံချက် ရှင်းလင်းတင်ပြသည့် မိတ်ဆက်အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ Golden TMH Telecom မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲ တာဝန်ခံများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် ကောလိပ်များက ဆရာ/ဆရာမများက အွန်လိုင်းမှ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဧပြီ ၁၇ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကို ပြန်လည်ပျံသန်းပြေးဆွဲခဲ့ပါကြောင်း၊ စီးပွားရေးလုပ်ငန်းဗီဇာများကို စတင်ခွင့်ပြုခဲ့ပြီး မေ(၂၀)ရက်မှစတင်၍ ကမ္ဘာလှည့်ဗီဇာများကို ခွင့်ပြုပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (၁၁) လိုင်းဖြင့် ဧည့်သည်များ ဝင်ရောက်လျက် ရှိပါကြောင်း၊ Electronic System ဖြင့် ယခုကဲ့သို့ ခရီးသွားဧည့်သည်များ ဝင်ရောက်ရာတွင် ခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးကြီး ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများမှာ လျော့ပါးလာပြီဖြစ်သော်လည်း အခြားမျိုးကွဲများနှင့် ကူးစက်ရောဂါများ ရှိနေသောကြောင့် ဂရုတစိုက်ကာကွယ်စောင့်ကြည့်ရန် လိုအပ်နေသေးပါကြောင်း၊ ယခုအခါ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ခရီးသွားလုပ်ငန်း နယ်ပယ် (၇) ရပ်အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး Health and Safety Protocol (HSP) လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ HSP ကို လိုက်နာဆောင်ရွက်မှသာ နိုင်ငံတကာခရီးသွားများ၏ ယုံကြည်မှု (Trust) ကို ရရှိမည်ဖြစ်ပြီး ဝန်ဆောင်မှု ပေးသူဝန်ထမ်းများ အနေဖြင့်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု (Confidence) ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ရှင်းလင်းတင်ပြမည့် Safe Travel Application ကို လေ့လာ၍ သိရှိလိုသည်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Golden TMH ကုမ္ပဏီဥက္ကဋ္ဌက မိတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် မြန်နှုန်းမြင့် ဖိုက်ဘာ၊ ကြိုးမဲ့နှင့် ဂြိုလ်တုနည်းပညာများကို ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ ကုမ္ပဏီသည် ယခုမျက်မှောက်ခေတ် ခရီးသွားလာရေးတွင် မရှိမဖြစ် လိုအပ်လာနေသည့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ စစ်ဆေးခြင်း လုပ်ငန်းရပ်များကို လွယ်ကူလျင်မြန်စေရန်၊ အချက်အလက် တိကျခိုင်မာ စေရန်အတွက် Travel Safe Application ကို ရေးဆွဲတင်ပြခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက Travel Safe Application နှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)