Skip to main content

ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၄)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇)တို့၏ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၁၇

ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်ဦးစိုးတင့်က အဆင့်မြင့်အရာရှိကြီး အားလုံးသည် ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီး၌ အဓိကကျသောအခန်းကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေသောသူများဖြစ်သဖြင့် တစ်ဦးချင်းအလိုက် မိမိတို့ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကိုသိရှိပြီး ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့ အကောင်အထည်ဖော်နိုင်ကြရန်လိုအပ်ကြောင်း။

အဆင့်မြင့်အရာရှိကြီးများအနေဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပြီး အလုပ်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်ဆိုင်ရာများကို လက်တွေ့နယ်ပယ်တွင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ “ဝန်ထမ်း”များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် “မောင်းနှင်အား”ဖြစ်ပြီး နိုင်ငံအတွက်အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်မာဆုံးသော Institution တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ ဝန်ထမ်းကောင်းများအနေဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားကို ထာဝရစောင့်ရှောက်ကာကွယ်ရမည်ဖြစ်သလို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏သက်ဆိုင်ရာတာဝန်များကို ကျေပွန်စွာလက်ဆင့်ကမ်း သယ်ပိုးထမ်းဆောင်သွားကြရန်နှင့် ပြည်သူတို့၏ ယုံကြည်အားထားရသော ဝန်ထမ်းကောင်းများ ဖြစ်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၄)သို့ သင်တန်းသား ၁၅ ဦး၊ သင်တန်းသူလေးဦး၊ စုစုပေါင်း ၁၉ ဦးနှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၇)သို့ သင်တန်းသား ၂၄ ဦး၊ သင်တန်းသူ ၁၉ ဦး၊ စုစုပေါင်း ၄၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်အထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်