နေပြည်တော် ဇွန် ၁၇
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနား မြို့နယ် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်း ပျံကျဈေးနေရာတွင် Steel Structure (၂၃၂'x ၁၆၀') နှင့် (၁၆၀'x ၈၆',၇၀') အဆောက်အအုံနှစ်လုံး ဆောက်လုပ်သည့်နေရာကို သွားရောက်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က အသစ်တည်ဆောက်သည့် ပျံကျဈေးရုံ အဆောက်အအုံနှစ်လုံးတွင် ဈေးရောင်း/ ဈေးဝယ်များ မိုးရာသီတွင် အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်စေရေး အမိုးပါလျှောက်လမ်းငယ် ထည့်သွင်း ဆောက်လုပ်ပေးရန်၊ ဈေးရုံပတ်လည်ရှိ ရေမြောင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စတင် တည်ဆောက်စဉ်ကပင် စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။
အာဟာရသုခဈေးသည် ရှမ်းပြည်နယ်နှင့် အခြားပြည်နယ်၊ တိုင်းဒေသများမှ ဟင်းသီးဟင်းရွက်များ အဓိကပို့ဆောင်ရောင်းချသော ဈေးကြီးဖြစ်ပြီး ယခုတည်ဆောက်နေသော ညောင်ပင်ကွင်းပျံကျဈေးနေရာ၌ Steel Structure အဆောက်အအုံနှစ်လုံး ဆောက်လုပ်ပြီးစီးပါက ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အမိုးအကာလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ ရောင်းဝယ် ဖောက်ကားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်