နေပြည်တော် ဇွန် ၁၇
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ဒေါ်မေခင်သိန်းနှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီး မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာ ပါမောက္ခ/ ကထိကဌာနမှူးများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုပါရဂူဘွဲ့သင်တန်းသူ ရှစ်ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ သင်တန်းသား သင်တန်းသူ ၄၃ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ သင်တန်းသားရှစ်ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ သင်တန်းသား ၁၈ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာသင်တန်းသား သင်တန်းသူ ၇၂ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်း နည်းပညာဒီပလိုမာသင်တန်းသား ခြောက်ဦး၊ အထူးကြပ်မတ် သူနာပြုစုမှုဒီပလိုမာ သင်တန်းသား သင်တန်းသူ ရှစ်ဦးနှင့် ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာ သင်တန်းသား သင်တန်းသူ ၃၀ တို့အား ဘွဲ့များအပ်နှင်းကာ ဘွဲ့ရသူများအား ကျောင်းအုပ်ကြီးက ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်း သဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
သတင်းစဉ်