Skip to main content

ရုံးလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရည်မှန်းချက်ပြည့်မီ၍ ရေရှည်အောင်မြင်အောင်ကြိုးပမ်း လွန်းကျင်းများတွင် လွန်းတင်ပြင်ဆင်မှုများ သတ်မှတ်လွန်းကျင်း လျာထားချက်အချိန်များအတိုင်း ဆောင်ရွက်

ရန်ကုန် ဇွန် ၁၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဝန်ကြီး ဦးလူမွန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ခန်းမဆောင်၌ ဝန်ကြီးဌာနအောက်ရှိ ရန်ကုန်မြို့အခြေစိုက်ဌာနများမှ ဌာနအကြီးအမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ ဝန်ကြီးဌာနက ချမှတ်ထားသောမူဝါဒများ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်းစွမ်းရည်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဌာနအလိုက် ညွှန်ကြားရေးမှူးရာထူးအဆင့်မှ ညွှန်ကြားရေးမှူးချုပ်ရာထူးအဆင့်အထိ အဆင့်မြင့်အရာရှိကြီးများသည် လုပ်ငန်းအတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်ပြီးသူများဖြစ်၍ ဌာန၏ရည်မှန်းချက်တာဝန်များ စဉ်ဆက်မပြတ် အောင်မြင်စေရေးတွင် အဓိကပုဂ္ဂိုလ် (Key Person) များဖြစ်ကြပါကြောင်း၊ ရုံးလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ရည်မှန်းချက်ပြည့်မီ၍ ရေရှည်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကိုအသုံးချ၍ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေးအတွက် လိုအပ်သလို လေ့ကျင့်သင်ကြားပေးကြရန်နှင့် ၎င်းတို့၏ သက်သာချောင်ချိရေးကိစ္စများ၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ဌာနအလိုက်ရုံး၊ အဆောက်အဦ၊ ပစ္စည်းနှင့် ဝန်ထမ်းလုံခြုံရေးတို့ကို အထူးသတိပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလမြို့နယ်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအစီအစဉ်များ တင်ပြချက်အပေါ် လွန်းကျင်းများတွင် လွန်းတင်ပြင်ဆင်မှုများအား သတ်မှတ်လွန်းကျင်း လျာထားချက်အချိန် (Docking Schedule)များအတိုင်းဆောင်ရွက်ကြရန်၊ မိမိလွန်းကျင်းများ စံချိန်စံညွှန်းနှင့်အညီ ကြံ့ခိုင်ကောင်းမွန်ရေး၊ ပြင်ပရေယာဉ်များ တည်ဆောက်ခြင်း၊ လွန်းတင်ပြင်ဆင်ခြင်းဖြင့် ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ခြင်း၊ သန့်ရှင်းသပ်ရပ်ရေး၊ စနစ်တကျရှိရေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်