Skip to main content

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) တို့၏ သင်တန်းဆင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၇

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၀)တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက နိုင်ငံတော်အနေဖြင့် အတွေ့အကြုံရင့်ကျက်ပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် နိုင်ငံ့ဝန်ထမ်းအဆင့်မြင့်အရာရှိကြီးများကို ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေး ပိုမိုထက်မြက်ထူးချွန်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းများကို ၂၀၁၂ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် နှစ်ကြိမ်ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းများ အပါအဝင် သင်တန်းသား၊ သင်တန်းသူ အဆင့်မြင့်အရာရှိကြီး ၁၄၉၃ ဦးတို့ကို အောင်မြင်စွာ လေ့ကျင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

အဆင့်မြင့် အရာရှိကြီးများသည် ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အောင်မြင်ရန် အဓိကကျသည့် စီမံခန့်ခွဲမှုကဏ္ဍက ဆောင်ရွက်နေကြသူများဖြစ်သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အဆင့်ဆင့်သော ဝန်ထမ်းများကို ပြည်သူလူထုနှင့်ဆက်ဆံရေး ကောင်းမွန်ရန်၊ လုပ်ငန်းများ အောင်မြင်မှုရရှိရန်နှင့် တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် စိတ်ဓာတ်ကိုမြှင့်တင်ပေးပြီး ဝန်ထမ်းဘဝတစ်လျှောက် လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းတတ်စေရန် ထိန်းကျောင်းတည့် မတ်ပေးကြပြီး ကောင်းမွန်သော ခေါင်းဆောင်မှုပေးရန် လိုပါကြောင်း။ မိမိကိုယ်တိုင်လည်းကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံမက စေတနာကောင်းများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း။

စီမံခန့်ခွဲအုပ်ချုပ်မှု ပညာများအပေါ်အခြေခံပြီး မိမိဌာနအဖွဲ့အစည်း တိုးတက်ရေးအတွက် ဆက်လက်လေ့လာ ကြိုးပမ်းသွားကြရန်နှင့် စွမ်းအားနှင့် စွမ်းဆောင်ရည် အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံသစ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သည်။

အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၉)သို့ ဝန်ကြီးဌာနအသီးသီးတို့မှ သင်တန်းသား ၁၇ ဦး၊ သင်တန်းသူငါးဦး စုစုပေါင်း ၂၂ ဦးနှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၀) သို့ဝန်ကြီးဌာန အသီးသီးတို့မှ သင်တန်းသား ၂၄ ဦး၊ သင်တန်းသူ ၁၇ ဦး စုစုပေါင်း ၄၁ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်အထိ ရက်သတ္တ ရှစ်ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် တက္ကသိုလ် ဝက်မွေးမြူရေးခြံတွင် သင်တန်းရိက္ခာအတွက် မွေးမြူလျက်ရှိသော High Breed(DYL)ဝက်များ ထားရှိသည့် အဆင့်မြင့်ဝက်ခြံသို့ သွားရောက်ကြည့်ရှုပြီး စနစ်တကျ မွေးမြူထားရှိရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ခြံများသန့်ရှင်းရေး စနစ်တကျ လုပ်ဆောင်ရန်မှာကြားသည်။ ဆက်လက်ပြီး တက္ကသိုလ်ရှိဝန်ထမ်းများ စိုက်ပျိုးထားရှိသော ရာသီသီးနှံစိုက်ခင်းများကို သွားရောက်ကြည့်ရှုပြီး သီးနှံစိုက်ပျိူးသူများနှင့်တွေ့ဆုံ၍ တပိုင်တနိုင် စိုက်ပျိုးအောင်မြင်လျက်ရှိ၍ စီးပွားဖြစ်ရောင်းချနိုင် သည်အထိ စိုက်ပျိုးပြီး မိသားစုအပိုဝင်ငွေရရှိအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်