နေပြည်တော် ဇွန် ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ နေပြည်တော်ပုံနှိပ်စက်ရုံနှင့် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးဒေါ်ခင်ဆွေဝင်းတို့က မဟော်ဂနီပင်ကို စိုက်ပျိုးပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများက ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးပေးကြပြီး ဝန်ထမ်းများက ပျိုးပင်ပေါက်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့တွင် နေပြည်တော်ပုံနှိပ်စက်ရုံ၌ ကျွန်းပင် ၁၀၀၊ ကံ့ကော်ပင် ၂၀၊ ကုက္ကိုလ်ပင် ၂၀၊ မဟော်ဂနီပင် ၂၀၊ မယ်ဇလီပင် ၂၀ နှင့် မင်းကွတ်ပင် ၂၀ စုစုပေါင်း ပျိုးပင်ပေါက် ၂၀၀ ကို စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ခရေပင်ကို စိုက်ပျိုးပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများကပျိုးပင်ပေါင်း ၁၆၀၀ ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ငါးမွေးမြူရေးကန်အတွင်းသို့ ထိုင်ဝမ်ငါးခူ ငါးသားပေါက်များကို စိုက်ထည့်ပေးကြသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ ၊ ဝန်ထမ်းများက ငါးမွေးမြူရေးကန်အတွင်းသို့ ငါးသားပေါက် အကောင်ရေ ၅၀၀၀ ကို စိုက်ထည့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Block C တွင် ရေဒီယိုနှင့် ရုပ်သံလိုင်းများမှ သတင်းတင်ဆက်သူများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မီဒီယာသည်အရေးကြီးကြောင်း၊ ခေတ်ကာလအလိုက် ပြောင်းလဲမှုများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်သူများထံသတင်းအမှန်များရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကိုကြည့်ရှုရန်၊ နားထောင်ရန် လိုအပ်သည့်အတွက် နုပျိုသစ်လွင်တက်ကြွသည့်ပုံသဏ္ဍာန်ဖြင့် တင်ဆက်မှုကို ပြောင်းလဲဖော်ဆောင်လျက်ရှိကြောင်း၊ လူငယ်ကဏ္ဍကိုလည်း ဦးစားပေးထုတ်လွှင့်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ရေဒီယိုထုတ်လွှင့်မှု စတူဒီယိုများကိုလည်းကောင်း၊ 5.1 Surround Sound စတူဒီယို အခန်းကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
(သတင်းစဉ်)