နေပြည်တော် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီးအတွင်း မြို့သစ်စီမံကိန်းဧရိယာနှင့်ဆက်စပ်သည့် လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးတို့အတွက် ဆောင်ရွက်ရသည့် ဆက်စပ်ကုမ္ပဏီတစ်ခုမှ ပေးအပ်သည့် စုစုပေါင်း ထိုင်းဘတ်ငွေသုံးသိန်း၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုက ပေးအပ်သည့် စုစုပေါင်း ငွေကျပ်သိန်း ၆၅၀၊ လုပ်ငန်းရှင်တစ်ဦးကပေးအပ်သည့် အမေရိကန်ဒေါ်လာတစ်သိန်းတို့ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း မြင်းခြံခရိုင်/မြို့နယ် NLD ပါတီရုံးအတွက် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေနေရာ ၀ ဒသမ ၀၁၇၁ ဧကနှင့် ပြင်ဦးလွင်မြို့နယ် NLD ပါတီရုံးအတွက် မြေနေရာ ၀ ဒသမ ၁၇၂ ဧကတို့ကို တည်ဆဲဥပဒေစည်းမျဉ်းများကို ဖောက်ဖျက်၍ ချထားပေးခဲ့သည့်အတွက် နိုင်ငံတော်မှ ငွေကျပ်သိန်း ၃၄၃၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ အမှုငါးမှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားစီရင်ပြီး ယနေ့တွင် အမှုငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် အဂတိလိုက်စားကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးစဉ် အထောက်အထားမပြနိုင်သော မြန်မာငွေကျပ်သိန်း ၉၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ နှစ်သောင်း၊ ထိုင်းဘတ်ငွေငါးသိန်းတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)