Skip to main content

ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁၇

ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကော်ဖီဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အခြေအနေပေးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အရည်အသွေးမြင့်မားသည့် ကုန်းမြင့်ကော်ဖီနှင့် မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်ပြီး မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် အဓိကပို့ကုန်တစ်ခုဖြစ်လာစေရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာအောက်ရှိ ဥယျာဉ်ခြံသီးနှံအုပ်စုတွင် ကော်ဖီသီးနှံကို ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန်နှင့် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုအတွက် အခြေအနေကောင်းများ ဖန်တီးပြီးအစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကော်ဖီဗဟိုအဖွဲ့အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ကော်ဖီဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကော်ဖီသည် အရိပ်ရပင်များအောက်တွင် စိုက်ပျိုးရသော သီးနှံဖြစ်၍ မြန်မာနိုင်ငံ၏ သစ်တောဧရိယာဖုံးလွှမ်းမှုကို အထောက်အကူပြုသည့်အပြင် သဘာဝပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးမှုကိုလည်း အကျိုးပြုကြောင်း၊ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်သောမြေဧရိယာများကို သင့်လျော်သော သစ်တောဧရိယာများတွင် ရွေးချယ်ဆောင်ရွက်သွားရန် အလားအလာများရှိကြောင်း၊ ကော်ဖီစီမံကိန်း စတင်ဆောင်ရွက်ခဲ့သော ပြင်ဦးလွင်နှင့် နောင်ချိုဒေသတွင် ကော်ဖီစိုက်ခင်းများဖြစ်ထွန်းမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အတွေ့အကြုံကောင်းများရှိနေကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကော်ဖီဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကော်ဖီတိုးချဲ့စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များ၌ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသအလိုက် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးကို စီမံဆောင်ရွက်ရန် ကော်ဖီဗဟိုအဖွဲ့အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မန္တလေး၊ မကွေး၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်၊ မွန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တလျောက်မှ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

ယနေ့ကျင်းပသည့် ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကော်ဖီဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန် ဝတ္တရားများကို အကောင်အထည်ဖော်နိုင်ရေး၊ ကော်ဖီတိုးချဲ့စိုက်ပျိုး ထုတ်လုပ်မည့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး၊ မြန်မာ့ကော်ဖီကိုကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ကော်ဖီအဓိကတင်ပို့ရောင်းချသော နိုင်ငံဖြစ်လာစေရေးအတွက် ကော်ဖီတန်ဖိုး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သောမူဝါဒများချမှတ်ရေး၊ ဈေးကွက်ရရှိရေး၊ အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်မှု ကွင်းဆက်တလျှောက်ရှိ ကြိတ်ခွဲပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများ အဆင့်မီဖွံ့ဖြိုးတိုးတက်လာရေး၊ ပြည်ပတင်ပို့မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်ကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)