Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၁၇

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊  Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးထွဋ်၊ ဦးစန်းလွင်၊ ဦးအောင်ကျော်ထွန်း၊ ဒေါက်တာအောင်ဇေယျနှင့် ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ဌာနခွဲများမှဝန်ထမ်းများ တက်ရောက်ကြသည်။

ယနေ့တွင် တတိယနေ့ပွဲစဉ်များအဖြစ် အမျိုးသား (၅၄-၅၈)ကီလိုတန်းတွင် အောင်ထက်မြတ် (ရန်ကုန်)နှင့် ရှိုင်းရဝေဖြိုး (ဧရာဝတီ)တို့ကလည်းကောင်း၊ အမျိုးသား(၄၆-၅၀) ကီလိုတန်းတွင် လင်းထက်အောင်(ရှမ်း)နှင့် မြတ်မင်းဟန်(ရန်ကုန်)တို့က လည်းကောင်း၊ အမျိုးသား (၆၃-၆၈) ကီလိုတန်းတွင် အောင်ကောင်းခန့် (ရန်ကုန်)နှင့် စိုင်းစံမြင့်(ရှမ်း)တို့ကလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်းတွင် စုစုဝင်း(ရှမ်း)နှင့် ချမ်းငြိမ်းခင်(ရန်ကုန်)တို့ကလည်းကောင်း၊ အမျိုးသမီး(-၄၀)ကီလိုတန်းတွင် အောင်ဂျွန်ဖြိုး(ဧရာဝတီ)နှင့် ဝင့်သိင်္ဂီထွန်း(ရန်ကုန်)တို့က လည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား (၇၄-၈၀)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျကလည်းကောင်း၊ အမျိုးသမီး (+၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကလည်းကောင်း၊ အမျိုးသမီး(၆၇-၇၃)ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်ကလည်းကောင်း၊ အမျိုးသား အသင်းလိုက်သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ကလည်းကောင်း၊ အမျိုးသမီးအသင်း လိုက်သုံးယောက်တွဲ ကကွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ အမျိုးသား(၅၄-၅၈) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကလည်းကောင်း၊ အမျိုးသား(၄၆-၅၀) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ကလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး အမျိုးသား(၆၃-၆၈) ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် အမျိုးသမီး (-၄၀)ကီလို ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်ပူးတွဲတတိယဆုရရှိကြသူများကို ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးတို့က ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသည့် ရှိုင်းရဝေဖြိုး(ဧရာဝတီ)နှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသည့် ထူးသဥ္ဇာအောင်(ရန်ကုန်)တို့ကို ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁)သိန်းစီကိုလည်းကောင်း၊   ရွှေ(၆)ခု၊ ငွေ(၂)ခုနှင့် ကြေး(၃)ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်း ရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကိုကောင်စီအဖွဲ့ဝင်  ဦးစိုင်းလုံးဆိုင် ကလည်းကောင်း၊ ရွှေ(၇)ခု၊ ငွေ(၃)ခုနှင့် ကြေး(၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း၊ စုစုပေါင်း ရွှေ(၁၃)ခု၊ ငွေ(၅)ခုနှင့် ကြေး(၅)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)