နေပြည်တော် ဇွန် ၁၇
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း Pilot Project အဖြစ်ဆောင်ရွက်သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် မသန်စွမ်းမှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဥတ္တရသီရိခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ Pilot Project ဖြင့်စိစစ်ပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိမည့် မသန်စွမ်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂)တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း(၄) မြို့နယ်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တို့တွင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ မေ ၉ ရက်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်မှု မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ဆရာဖြစ်သင်တန်းကိုလည်း မေ ၉ ရက်မှ ၁၁ ရက်အထိ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ရာသင်တန်းသား (၁၂၀) တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဆရာဖြစ်သင်တန်းဆင်း ဆရာ၊ ဆရာမများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းကွင်းဆင်း အသိပညာပေးဆောင်ရွက်ရာတွင် မိမိတို့ဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လျှောက်ထားလာကြသည့် ကိုယ်အင်္ဂါမသန်စွမ်းသူ (၃၇)ဦး၊ အမြင်အာရုံမသန် စွမ်းသူ (၁)ဦး၊ အကြားအာရုံမသန်စွမ်းသူ (၄)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ (၁၀)ဦး၊ စုစုပေါင်းမသန်စွမ်းသူ (၅၂) ဦးတို့ကို မသန်စွမ်းမှတ်ပုံတင်လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မိမိတို့ဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင် လျှောက်ထားလာကြသည့် ကိုယ်အင်္ဂါမသန်စွမ်းသူ (၃၇)ဦး၊ အမြင်အာရုံမသန်စွမ်းသူ(၁)ဦး၊ အကြားအာရုံမသန်စွမ်းသူ(၄)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ (၁၀)ဦး၊ စုစုပေါင်းမသန်စွမ်းသူ(၅၂)ဦးတို့ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၆ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲ့မှု အခြေခံသင်တန်းနှင့်ဝန်ထမ်းများ လုပ်ငန်းခွင်(ရုံးလုပ်ငန်းနှင့်ဘဏ္ဍာရေးစီမံခန့်ခွဲမှု)သင်တန်း ဆင်းပွဲသို့ Online ဖြင့် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)